ဟောလိဝုဒ်ရဲ့ ထိပ်တန်းပရိုဂျူဆာတစ်ဦးဖြစ်တဲ့ Harvey Weinstein ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့ကြောင်း အမျိုးသမီးသရုပ်ဆောင်တွေက တစ်ဦးပြီးတစ်ဦး ပြောလာကြတဲ့အထဲမှာ မင်းသမီး Salma Hayek လည်း ပါဝင်လာပါပြီ။ ဟာဗေးက ဒေါသပြင်းပြလွန်းတဲ့ ကြောက်စရာသတ္တဝါကြီးဖြစ်ပြီး သူမကိုလည်း ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။
New York Times သတင်းမှာ ဖော်ပြချက်အရ Weinstein က " ငါ မင်းကို သတ်ပစ်မယ်၊ မလုပ်နိုင်ဘူးလို့တော့ မထင်လိုက်နဲ့" ဆိုပြီး Hayek ကို ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဇင်ပေါင်းများစွာသော အမျိုးသမီးသရုပ်ဆောင်တွေဟာ Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ခံခဲ့ကြရတာပါ။ အဲ့ဒီ အမျိုးသမီးသရုပ်ဆောင်တွေထဲမှာ Rose McGowan ၊ Angelina Jokie ၊ Gwyneth Paltrow တို့လည်း ပါဝင်ခဲ့ပြီး Weinstein ရဲ့ စော်ကားနှောင့်ယှက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို ခံခဲ့ကြရတယ်လို့ ထွက်ဆိုထားကြပါတယ်။ ဒါပေမဲ့ Weinstein ကတော့ စွပ်စွဲချက် အားလုံးကို ငြင်းပယ်ထားပါတယ်။
အသက် ၅၁ နှစ်အရွယ် မက္ကဆီကန်-အမေရိကန်နွှယ်ဖွား မင်းသမီးက သူမအနေနဲ့ Weinstein နဲ့အတူ အလုပ်လုပ်ဖို့အတွက်ဟာ သူမရဲ့ အကြီးမားဆုံးသော ဆန္ဒ ဖြစ်ကြောင်း ပြောခဲ့ဖူးတယ်။ Weinstein က သူမအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်လာချိန်မှာ သူမအနေနဲ့ ငြင်းဆန်ခဲ့ကြောင်း Hayek က ပြောပါတယ်။
၂၀၀၃ ခုနှစ်က တွေ့ရတဲ့ Hayek
" သူနဲ့အတူရေချိုးဖို့အတွက် ဟင့်အင်းလို့ ငြင်းခဲ့တယ်၊ ကျွန်မရေချိုးနေတာကိုလည်း သူ့ကို ကြည့်ခွင့်မပေးခဲ့ဘူး၊ သူက ကျွန်မကိုနှိပ်နယ်ပေးမှာကိုလည်း ခွင့်မပြုခဲ့ဘူး၊ အဝတ်ဗလာနဲ့ သူ့မိတ်ဆွေတစ်ယောက်က ကျွန်မက နှိပ်ပေးမှာလည်း ခွင့်မပြုခဲ့ဘူး၊ သူကျွန်မကို oral sex လုပ်ပေးမှာလည်း ခွင့်မပြုခဲ့ဘူး၊ တခြားမိန်းမနဲ့ ကျွန်မ ဝတ်လစ်စလစ်ချွတ်ရမှာလည်း ငြင်းခဲ့တယ်" လို့ Hayek က ဆိုပါတယ်။ Hayekက No ဆိုတဲ့ စကားလုံးကို ပြောလွန်းလို့ Weinstein အတွက် အမုန်းဆုံးစကားလုံးဟာ No ဖြစ်နေနိုင်တယ်လို့တောင် သူမက မှတ်ချက်ပေးပါတယ်။
ငြင်းဆန်မှုတွေအတွက်တော့ Hayek ဟာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပိုက်ဆံထပ်မပေးဘဲ ဇာတ်ညွှန်းပြန်ရေးခိုင်းတာ၊ ရုပ်ရှင်ရဲ့ဝင်ငွေ ဒေါ်လာ ၁၀ သန်း ရအောင် လုပ်ခိုင်းတာ၊ A-list ဒါရိုက်တာတွေကို ချဉ်းကပ်ခိုင်းတာ၊ နာမည်ကြီးမင်းသားတွေနဲ့အတူ မထင်မရှားဇာတ်ကောင်နေရာက သရုပ်ဆောင်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း Weinstein ရဲ့ လုပ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
Aylssa Milano
Aylssa Milano ဟာ ပရိုဂျူဆာ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုကို ခံခဲ့ရသူတွေအနက် တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။ သူမက #MeToo လှုပ်ရှားမှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တွစ်တာပေါ်ကတစ်ဆင့် စတင်ခဲ့သူပါ။ #MeToo ကမ်ပိန်းကို ပြုလုပ်နေကြတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်စော်ကားမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်နေကြပါတယ်။ အကယ်၍ မိမိကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကား အကြမ်းဖက်ခံဖူးတယ်ဆိုရင် လူမှုကွန်ရက်ပေါ်မှာ #MeToo ဆိုတဲ့ စာနဲ့အတူ ကြုံခဲ့ရတဲ့အဖြစ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။
Source : BBC, NY Times