ကုန်ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခု အောင်မြင်ဖို့အတွက် ကြော်ငြာကလည်း အရေးကြီးတဲ့တစ်ထောင့်တစ်နေရာက ပါဝင်နေတယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။
ခေတ်ဦးတုန်းက ရိုးရှင်းတဲ့သမားရိုးကျပုံစံကြော်ငြာတွေကိုပဲ အသုံးပြုခဲ့ကြပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ လူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်ဖို့ စိတ်ကူးအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ကြော်ငြာတွေကို အပြိုင်အဆိုင်ဖန်တီးလို့လာကြပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ သက်ဆိုင်ရာနယ်ပယ်အလိုက် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ငှားရမ်းပြီးကြော်ငြာတွေကိုဖန်တီးလာကြတာကြောင့် တစ်ချို့ကြော်ငြာတွေဆိုရင် လူတွေကို သဘောကျနှစ်ခြိုက်မှု၊ ဖျော်ဖြေမှုရသပေးနိုင်တာမျိုးတွေတောင်ရှိတာကိုတွေ့ရမှာပါ။
ဒါပေမဲ့တစ်ဖက်မှာလည်း လုပ်ငန်းတူအချင်းချင်း တစ်ဖက်ကိုတိုက်ခိုက်တဲ့ကြော်ငြာမျိုး၊ ကိုယ်နဲ့လုပ်ငန်းတူ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ ကြော်ငြာကို နောက်ကနေလိုက်လံလှောင်ပြောင်ထားတဲ့ ကြော်ငြာမျိုးတွေကိုလည်း တွေ့လာရပါတယ်။
မကြာသေးခင်ကပဲ ကမ္ဘာကျော် စမတ်ဖုန်းကုမ္ပဏီကြီး ၃ ခု ကြားမှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ထားတဲ့ ကြော်ငြာတွေနဲ့ ကြော်ငြာတိုက်ပွဲလို့တင်စားရအောင်ဖြစ်ပွားသွားခဲ့သေးတာကြောင့် ကြော်ငြာဖန်တီးတဲ့နေရာမှာ လိုက်နာသင့်၊ ရှိသင့်တဲ့ ဝတ္တရားတွေ၊ စံနှုန်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတွေတော်တော်များများပေါ်ထွက်ခဲ့တာကို တွေ့ရမှာပါ။
မြန်မာနိုင်ငံမှာလည်း လက်တလောမှာ မိုဘိုင်းလ်အော်ပရေတာကုမ္ပဏီကြီးတစ်ခုက တခြားမိုဘိုင်းလ်အော်ပရေတာ ကုမ္ပဏီရဲ့ ကြော်ငြာအပေါ်တိုက်ခိုက်ထားတဲ့ ကြော်ငြာမျိုးလူမှုကွန်ယက်စာမျက်နှာတွေထက်မှာ ပေါ်ထွက်လို့နေတာကို တွေ့ရမှာပါ။ ဒါနဲ့ပတ်သက်လို့လည်း ကျင့်ဝတ်နဲ့မညီဘူးလို့ သုံးသပ်ဝေဖန်တဲ့အသံအများအပြား ကြားခဲ့ရပါသေးတယ်။
ဒီနေရာမှာစဉ်းစားစရာရှိတာက ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ဝန်ဆောင်မှုကို လူတွေနှစ်သက်သွားအောင် ကြော်ငြာတဲ့နေရာမှာ ကိုယ်တိုင် တီထွင်ဖန်တီးမှုရှိရှိနဲ့ အသစ်ဖန်တီးထားတဲ့ကြော်ငြာနဲ့ တခြားကိုယ့်ရဲ့လုပ်ငန်းတူ စီးပွားရေးလုပ်ငန်းက ကြော်ငြာတဲ့ပုံစံကို မူတည်ပြီးတော့မှ နောက်ကနေလိုက်လံယှဉ်ပြိုင်ဖန်တီးထားတဲ့ကြော်ငြာ တို့မှာဘယ်ကြော်ငြာက လူတွေရဲ့စိတ်ကိုပိုပြီး ဆွဲဆောင်နိုင်မလဲဆိုတာပါပဲ။
ဒါနဲ့ပတ်သက်လို့ အတိအကျကောက်ယူထားတဲ့ စစ်တမ်းတွေမရှိပေမယ့်လည်း လူတွေရဲ့စိတ်ကို ဆွဲဆောင်နိုင်ပြီး နှစ်သက်မှုဖြစ်ပေါ်စေတဲ့ ကြော်ငြာအများစုဟာ ကိုယ်တိုင်အသစ်ဖန်တီးထားတဲ့ကြော်ငြာမျိုးတွေသာ ဖြစ်လေ့ရှိတယ်လို့ ယေဘူယျအားဖြင့် ကောက်ချက်ချနိုင်မယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းကြီးတွေကြား၊ အထူးသဖြင့်နည်းပညာနယ်ပယ်က ကုမ္ပဏီကြီးတွေကြားမှာ ကြော်ငြာ တိုက်ပွဲတွေကတော့ ဆက်လက်ပြင်းထန်နေဦးမှာပဲဖြစ်ပြီး ဘယ်သူတွေကနည်းလမ်းအသစ်တွေနဲ့ ကြော်ငြာတွေဘယ်လို တီထွင်ဖန်တီးသွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။
Share