နှစ်တစ်နှစ်ကုန်ဆုံးလို့ နောက်ထပ်နှစ်သစ်ကို ကူးပြောင်းတဲ့အခါ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ချမှတ်ကြတယ်။ ဆုတောင်းကြတယ်။ ပရဟိတနဲ့ ကမ္ဘာသိအမျိုးသမီးတစ်ဦးဖြစ်တဲ့ မီလင်ဒါဂိတ်စ်ကလည်း သူမရဲ့ နှစ်သစ်ဆုတောင်းကို ဖေ့စ်ဘုတ်ပေါ်ကနေ ရေးသားခဲ့ပါတယ်။
" ၂၀၁၈ ခုနှစ်မှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ ပြောင်းလဲမှုတွေကို ပိုပြီးမျှော်လင့်ပါတယ်။ တရားမျှတမှုအတွက်၊ အစိုးရနေရာအတွက်ရွေးကောက်ပွဲဝင်တာ၊ ပြီးတော့ ကျွန်မတို့ရဲ့လုပ်ငန်းနယ်ပယ်တွေထဲမှာ အမြင့်ဆုံးအဆင့်တွေကို မြင့်တက်လာမှုအတွက် ဆက်လက်ရပ်တည်နိုင်ပါစေလို့ ကျွန်မမျှော်လင့်ပါတယ်။ နောက်နှစ်အတွက် ရှင်ကရော ဘာကိုမျှော်လင့်သလဲ" လို့ မီလင်ဒါက ရေးထားပါတယ်။
Melinda Gates ဆိုတာ ကမ္ဘာကိုလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးတွေထဲက တစ်ဦးအပါအဝင်ပါ။ ကြွယ်ဝချမ်းသာမှု၊ ထက်မြက်မှုနဲ့ ပရဟိတလုပ်ငန်းတွေ အားစိုက်လုပ်ဆောင်နေတဲ့ သူမဟာ အမျိုးသမီးတွေအတွက် အားကျအတုယူစရာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။ Gates Foundation ကို ခင်ပွန်းဖြစ်သူနဲ့အတူ စတင်ထူထောင်ခဲ့တယ်။
အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော်သူဌေးကြီးရဲ့ ဇနီးတစ်ဦးဖြစ်ပေမဲ့ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင်လှုပ်ရှားနေသလို အမျိုးသမီးတွေအတွက် အကြံပေးချက်တွေ တိုက်တွန်းချက်တွေကိုလည်း မကြာခဏ ပြောလေ့ရှိပါတယ်။
Source : Melinda Gates Facebook