နယ်ပယ်စုံက အမျိုးသမီးရေးလှုပ်ရှားနေသူတွေက ပါဝင်ပြီး ဟန်ပန်အမူအရာတွေနဲ့ ရွတ်ဖတ်တင်ဆက်
Vagina Monologues ကို ယောနိပြောစကားလို့ ဘာသာပြန်ဆရာတချို့ကတော့ ဖွဲ့ဆိုဘာသာပြန်ပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ်အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်တဲ့ V-Day နေ့ကို စတင်ခဲ့တဲ့ အမေရိကန် စာရေးဆရာမ Eve Ensler ရေးသားတဲ့ Vagina Monologues ပြဇာတ်ဟာ အချစ်ရေး၊ လိင်ဆက်ဆံမှု၊ လိင်အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတို့ရဲ့ အမြင်ကို ထုတ်ဖော်တင်ဆက်တဲ့ ပြဇာတ်တစ်ခုဖြစ်ပါတယ်။
နယူးယောက်မြို့က Off-Broadway ပြဇာတ်တစ်ခုဖြစ်တဲ့ ဒီပြဇာတ်ကြီးကို ရန်ကုန်မြို့မှာ မတ်လ ၂၃၊ ၂၄၊ ၂၅ရက်နေ့တွေ လှည့်လည်တင်ဆက်ခဲ့ပါတယ်။ သာမန် ပြဇာတ်တွေလို ဇာတ်လမ်းနဲ့သရုပ်ဆောင်တဲ့ ပြဇာတ်မဟုတ်ပဲ အပေါ်မှာပြောတဲ့ အကြောင်းအရာတွေကို ပြည်တွင်းမှာ ရှိတဲ့ နယ်ပယ်စုံက အမျိုးသမီးရေးလှုပ်ရှားနေသူတွေက ပါဝင်ပြီး ဟန်ပန်အမူအရာတွေနဲ့ ရွတ်ဖတ်တင်ဆက်သွားတာမျိုးဖြစ်ပါတယ်။
“ပွင့်လင်းစွာပြောရရင် ဒီပြဇာတ်က မြန်မာပြည်က ယဉ်ကျေးမှု နဲ့ ဘဝနေထိုင်မှု ပုံစံတွေလဲ မဟုတ်ဘူး၊ ဒါပေမယ့် ဒီပြဇာတ်မှာ အရေးကြီးတာက ကမ္ဘာတလွှားက မိန်းမတွေမှာ လူ့အဖွဲ့အစည်းက ပြဌာန်းပြီးသားစံတွေကြောင့် မျိုသိပ်ထားရတဲ့ အကြောင်းတွေဟာ မြန်မာပြည်မှာလဲ ရှိနေတယ်။ ပြဇာတ်ကို တင်ဆက်သူအနေနဲ့ သာမက နားထောင်သူအနေနဲ့ ပါဝင်တဲ့အတွက် သုံးရက်ပြဇာတ်အပြီးမှာ လွတ်လပ်မှု၊ ယုံကြည်မှု ကိုယ်ပိုင်ပစ္စည်းအပေါ် ပိုပြီးနားလည်မှု အလေးအနက်ထားမှု ဖြစ်လာတယ်” လို့ ပြဇာတ်မှာ တင်ဆက်သူတစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ performance artist မဇွန်စီက ပြောပါတယ်။
ရန်ကုန်မှာကပြတဲ့ ဒီပြဇာတ်ကို နိုင်ငံခြားသား ပရိသတ် အများစုလာရောက်ကြည့်ရှုခဲ့ကြပေမယ့် ဒီပြဇာတ်ထဲမှာ တင်ဆက်တဲ့အကြောင်းအရာတွေက အမျိုးသမီးတွေကိုပဲ၊ အနောက်တိုင်းယဉ်ကျေးမှုကိုပဲ ရည်ရွယ်တာ မဟုတ်ပဲ အကုန်လုံးကို ရည်ရွယ်တာလို့ သူကပြောပါတယ်။
“ပြဇာတ်ထဲမှာ အမျိုးသမီးတွေအကြောင်းပဲ မဟုတ်ပဲ၊ They Beat the Girl out of me ဆိုတဲ့ ခေါင်းစဉ်လိုမျိုး၊ Gay တွေနဲ့ အမျိုးသမီးတွေရဲ့ ဆက်နွယ်မှုတွေပါတယ်။ အမျိုးသားတစ်ယောက်က မွေးခန်းထဲမှာ ကလေးမွေးတာကို စောင့်ကြည့်တဲ့အကြောင်းတွေပါတယ်။ မြန်မာပရိသတ်ကို ဦးတည်တာပဲ။ ဒါပေမယ့် ပြဇာတ်ကြည့်တာက ဒီမှာအလေ့အထမဟုတ်သေးဘူး။ ဒီပြဇာတ်က ယဉ်ကျေးမှုတွေ၊ စံတွေကို ပြောတဲ့လူတွေအတွက် နည်းနည်းတော့ ကသိကအောင့်ဖြစ်စေမှာပဲ” လို့ မဇွန်စီက ပြောပါတယ်။
လိင်အကြမ်းဖက်မှု နဲ့ သက်ငယ်မုဒိန်းလျော့ကျစေဖို့အတွက် ပညာပေးလှုပ်ရှားမှုတစ်ခုကို မတ်လ ၁၈ရက်နေ့ မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းအနုပညာရှင်တချို့ ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။