ရေကူးဝတ်စုံကြော်ငြာတွေထဲက မော်ဒယ်တွေကို အပြစ်အနာအစာမရှိတဲ့ ကိုယ်လုံးတွေနဲ့ပဲ မြင်ဖူးကြမှာပါ။ နာမည်ကျော် Plus-size မော်ဒယ် Ashley Graham က သူနဲ့ကြော်ငြာတဲ့ ရေကူးဝတ်စုံပုံတွေကို လုံးဝမပြင်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဖက်ရှင် နဲ့ မီဒီယာလောကမှာ ဓာတ်ပုံတွေကို ပြင်တဲ့ အလေ့အထရှိပေမယ့် ဓာတ်ပုံတစ်ပုံလှတယ်ဆိုတာ အစစ်ဖြစ်ဖို့လိုတယ်လို့ Ashley ပြောပါတယ်။
Instagram မှာ follower ၆သန်းကျော်ရှိတဲ့ Ashley ဟာ အားကစားမဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ ပထမဆုံးဖော်ပြခြင်းခံရတဲ့ Plus-size မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။
ရေကူးဝတ်စုံ အမှတ်တံဆိပ် Swimsuits for all နဲ့တွဲလုပ်နေတဲ့ Ashley က “ကျွန်မကိုယ်မှာရှိတဲ့ အဆီပိုတွေ၊ အကြောပြတ်တဲ့နေရာတွေမြင်နေရတဲ့အတွက် ကျွန်မ မရှက်ပါဘူး”လို့ သူကပြောပါတယ်။
ဒီနောက်ပိုင်း Instagram ပေါ်ကပုံတွေမှာ မိတ်ကပ်မလိမ်းတဲ့ပုံတွေ၊ ဝက်ခြံတွေကို မဖုံးထားတဲ့ပုံတွေ နဲ့ effect တွေ မသုံးတဲ့ပုံတွေကို တင်ပြီး အချင်းချင်းအားပေးကြတာကိုတွေ့ရပါတယ်။
ဆိုရှယ်မီဒီယာကြောင့် အမျိုးသမီးတွေကြားမှာ စိတ်ဓာတ်ကျလာတွေ၊ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု လျော့နည်းလာတာတွေကို တုန့်ပြန်တဲ့အနေနဲ့ ဗြိတိသျှရုပ်ရှင်မင်းသမီး Jameela Jamil ကလည်း အမျိုးသမီးတွေကို ခန္ဓာကိုယ်အလှထက် တခြားအောင်မြင်မှုတွေကို ဂုဏ်ယူနိုင်ဖို့ “I weigh”ကမ်ပိန်းကို စတင်ခဲ့ပါတယ်။