• ပိုင်ဆိုင်သမှျှ ဒေါ်လာ သန်း ၇၁၀ လုံး လှူဒါန်းမယ့် ချောင်ယွန်ဖက်

သူကတော့ တစ်လကို ဒေါ်လာ ၁၀၀ ပဲ သုံးပါတယ်။

ချောင်ယွန်ဖက်က ခြိုးခြံချွေတာလွန်းသူအဖြစ် နာမည်ကြီးသူဖြစ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေသူ ဖြစ်ပါတယ်။  ကမ္ဘာကျော် ဟောင်ကောင်မင်းသားကြီးက အခု သူပိုင်ဆိုငသမျှအားလုံးကို လှူဒါန်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

image

Photo : Daily Mail

 

အသက် ၆၃ နှစ်အရွယ် ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖက်ဟာ သူပိုင်ဆိုင်တဲ့ ဟောင်ကောင်ဒေါ်လာ ၆.၅ ဘီလျံ (ဒေါ်လာ သန်း ၇၁၀) ကို ပရဟိတအတွက် လှူဒါန်းရန် စီစဉ်ထားတယ်လို့ ဆိုကြောင်း တရုတ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Crouching Tiger Hidden Dragon (ဝပ်နေတဲ့နဂါး၊ ပုန်းနေတဲ့ကျား) ရုပ်ရှင်ကားနဲ့ အော်စကာဆုရခဲ့တဲ့ ချောင်ယွန်ဖက်က အသုံးအစွဲချွေတာလွန်းသူဖြစ်ပြီး တစ်လကို အသုံးစရိတ်ဒေါ်လာ ၁၀၀ ပဲ သုံးသူ ဖြစ်ပါတယ်။ ချောင်ကို အများသုံး ပို့ဆောင်ရေးယာဉ်တွေနဲ့ ဒစ္စကောင့်ချတဲ့ဆိုင်တွေမှာ မကြာခဏဆိုလို မြင်တွေ့ရတတ်ပါတယ်။

သူက Nokia ဖုန်းကို ၁၇ နှစ်ကြာ အသုံးပြုခဲ့ပြီး ဖုန်းလုံးဝပျက်သွားတဲ့လွန်ခဲ့တဲ့ ၂ နှစ်ကမှ ဖုန်းအသစ်ဝယ်ခဲ့တာပါ။

image

ချောင်ယွန်ဖက်တို့ ဇနီးမောင်နှံ (Photo : Daily Mail)

 

"ဒီငွေတွေကို ကျွန်တော် မပိုင်ပါဘူး။ ကျွန်တော်က ခဏတာ ထိန်းသိမ်းထားရသူပဲ ဖြစ်ပါတယ်" လို့ သူက မီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။

ချောင်ယွန်ဖက်နဲ့ သူ့ရဲ့ဇနီး ဂျက်စမင်တန်တို့ဟာ ကိုယ်ပိုင် ဖောင်ဒေးရှင်းတစ်ခုလည်း ထူထောင်ထားပါတယ်။ သူတို့ဇနီးမောင်နှံမှာ သားသမီးမရှိပါဘူး။

"ကျွန်တော့်ရဲ့အိပ်မက်က ပျော်ပျော်ရွှင်ရွှင်နဲ့ သာမန်လူတစ်ယောက်လို နေထိုင်ဖို့ပဲ။ ဘဝမှာ အခက်အခဲဆုံးက ငွေကြေးကျိကျိတက်ချမ်းသာခြင်း မဟုတ်ပါဘူး။ ငြိမ်းချမ်းတဲ့စိတ်နဲ့ တစ်ဘဝလုံး ရိုးရိုးရှင်းရှင်း၊ ပူပင်မှုကင်းကင်းနေထိုင်နိုင်အောင် ထိန်းသိမ်းဖို့သာ ခက်ခဲတာပါ" လို့ ချောင်က ဆိုပါတယ်။

Photo : Daily Mail

 

ချောင်ယွန်ဖက် (Chow Yun-fat) ဟာ အနုပညာနယ်ပယ်မှာ နှစ်ပေါင်း ၄၀ ကျော် ကျင်လယ်ခဲ့ပြီး A Better Tomorrow (1986), The Killer (1989), Hard Boiled (1992) and Pirates of the Caribbean: At World's End (2007) စတဲ့ ကမ္ဘာကျော် ရုပ်ရှင်အတော်များများမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ အကောင်းဆုံး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာ  အမျိုးသားဇာတ်ဆောင်ဆုများကို ၃ ကြိမ် ရရှိခဲ့ကာ  Golden Horse အမျိုးသားဇာတ်ဆောင်ဆု နှစ်ခု ရရှိခဲ့ပါတယ်။ Los Angeles Times က ချောင်ယွန်ဖက်ကို ကမ္ဘာ့အအေးဆုံးမင်းသားလို့ အမည်ပေးခဲ့ဖူးပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က