• သမိုင်းမှာ အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီဝယ်ယူမှု IBM ပြုလုပ်

အမေရိကန်နည်းပညာသမိုင်းမှာ တတိယဈေးအကြီးဆုံး ဝယ်ယူမှုပါ

Linux OS လို open-source ဝန်ဆောင်မှုပေးနေတဲ့  Red Hat ဆော့ဖ်ဝဲလ်ကုမ္ပဏီကို IBM မှ စံချိန်တင် ဈေးနဲ့ပေးဝယ်တော့မယ်လို့ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

IBM-REd-Hat.jpg

Photo: foxnews

 

IBM ရဲ့ ကြေငြာချက်အရ ကုမ္ပဏီအနေနဲ့Red Hat ကို ဒေါ်လာ ၃၄ ဘီလျံဈေးနဲ့ဝယ်မယ်လို့ဖော်ပြထားပါတယ်။ ဒီမတိုင်ခင် နည်းပညာကုမ္ပဏီများ သမိုင်းမှာ အမြင့်ဆုံး ဈေးနဲ့ဆော့ဖ်ဝဲလ်ကုမ္ပဏီဝယ်ယူမှုကတော့ Microsoft ကနေ အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ LinkedIn ကို ဒေါ်လာ ၂၆.၂ ဘီလျံနဲ့ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Red Hat ဟာ Linux OS ပိုင်းမှာ အဓိက ဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ဖောက်သည်တွေကို ဝန်ဆောင်မှုတွေပေါ် သင်တန်းပေးတာ ၊ အကြံပေးမှုတွေ လုပ်တာကနေ ဝင်ငွေရနေတာ ဖြစ်ပါတယ်။ IBM အနေနဲ့Red Hat ကို စံချိန်တင်ဈေးနဲ့ဝယ်တာကလည်း subscription ကြေးပေးရတဲ့ ဆော့ဖ်ဝဲလ်ဝန်ဆောင်မှုပိုင်းကို အားစိုက်ချင်လို့ဖြစ်ပါတယ်။

လက်ရှိမှာ mainframe ဆာဗာနဲ့ဆော့ဖ်ဝဲလ်ကို ဈေးကွက်ကနေ တောင်းဆိုမှု ကျဆင်းလာနေတာကလည်း Red Hat ကို ဝယ်ဖို့အကြောင်းတစ်ရပ် ဖြစ်လာပါတယ်။

"Red Hat ကို ဝယ်တာက ကစားကွက်ပြောင်းတာပါ။ ဒီဝယ်ယူမှုကနေ cloud ဈေးကွက်အကုန်လုံးကို ပြောင်းလဲလိုက်ပါတယ်။" လို့IBM ရဲ့ CEO ဖြစ်သူ ဂင်နီ ရိုမက်တီက ဆိုပါတယ်။ "IBM ဟာ တစ်ခြားကုမ္ပဏီတွေရဲ့ စီးပွားရေးမှာ open cloud solution တွေ ပေးပြီး ကမ္ဘာ့နံပါတ်တစ် hybrid cloud provider ဖြစ်လာပါလိမ့်မယ်"

လက်ရှိမှာ ကုမ္ပဏီတွေထဲက ၂၀% လောက်ပဲ cloud စနစ်ကို သုံးနေကြတာ ဖြစ်ပြီး ကျန်တဲ့ ၈၀% ဟာ IBM အတွက် မက်လောက်တဲ့ ဈေးကွက်ဆိုလည်း မမှားပါဘူး။ cloud စီးပွားရေးမှာ ကြီးစိုးနေတဲ့ Amazon ၊ Google နဲ့Microsoft တို့နဲ့IBM ဟာ မကြာခင်မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ မြင်ရဖို့ရှိနေပါတယ်။

ဒီအတွက် IBM ဟာ Red Hat ကို ရှယ်ယာတစ်စုကို ဒေါ်လာ ၁၉၀ နှုန်းထားနဲ့ငွေအကျေချေမှာ ဖြစ်ပြီး ၂၀၁၉ နှစ်ဝက်မှာ အရောင်းအဝယ် အပြီးအပြတ် ဖြစ်သွားမယ်လို့မျှော်မှန်းထားပါတယ်။

တစ်ခုရှိတာက နည်းပညာလောကရဲ့ အကြီးမားဆုံး ကုမ္ပဏီ ဝယ်ယူမှုအနေနဲ့Dell Inc ကနေ အချက်အလက်သိုလှောင်ရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ EMC ကော်ပိုရေးရှင်းကို ဒေါ်လာ ၆၇ ဘီလျံနဲ့၂၀၁၅ မှ ဝယ်ယူခဲ့တာပါ။ နောက်ထပ် အကြီးဆုံး နည်းပညာကုမ္ပဏီ အရောင်းအဝယ်က Avago Technologies ကနေ semiconductor ကုမ္ပဏီ Broadcom ကို ဒေါ်လာ၃၇ ဘီလျံနဲ့ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo: cnbc

 

သမိုင်းမှာ အကြီးဆုံး ကုမ္ပဏီအရောင်းအဝယ်ကတော့ ဗြိတိန်တယ်လီကွန်းကုမ္ပဏီ Vodafone မှ ၂၀၀၀ ပြည့်နှစ်မှာ ဂျာမန်တယ်လီကွန်း လုပ်ငန်းစုဖြစ်တဲ့ Mannesmann ကို ဒေါ်လာ ၂၀၂ ဘီလျံနဲ့ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ IBM မှ Red Hat ကို ဒေါ်လာ ၃၄ ဘီလျံနဲ့ဝယ်ယူမှုဟာ အမေရိကန်နည်းပညာသမိုင်းမှာ တတိယအကြီးဆုံး ဝယ်ယူမှုလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က