အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့က လေယာဉ်များပြန်ပေးဆွဲပြီး အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာန အမြွှာအဆောက်အအုံနဲ့ အခြားနေရာတွေကို အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများကို အောက်မေ့ဂုဏ်ပြုပွဲ အခမ်းအနားတစ်ရပ် နယူးယော့ခ်မြို့မှာ ယနေ့ (စက်တင်ဘာ ၁၁ ရက်) ပြုလုပ်ခဲ့ကြပါတယ်။

(Photo: AP)
9/11 တိုက်ခိုက်မှုလို့ သိထားကြတဲ့ ထိုဖြစ်ရပ်အတွက် အမှတ်တရ စီစဉ်ထားရှိတဲ့ National September 11 Memorial နေရာမှာ သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုးသားချင်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ နယူးယော့ခ်မြို့ တာဝန်ရှိသူများ စုရုံးခဲ့ကြပြီး အမေရိကန်မြေပေါ်မှာ တစ်ကြိမ်တည်းဖြင့် လူများစွာသေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၁၈ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါတယ်။
၎င်းတို့က အမြွှာအဆောက်အအုံကို လေယာဉ်နှစ်စီး ပြန်ပေးဆွဲပြီး ဝင်တိုက်ခဲ့ရာ အချိန်တွေဖြစ်တဲ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၆ မိနစ်နဲ့ မနက် ၉ နာရီ ၃ မိနစ်တို့မှာ ဝမ်းနည်ခြင်းအထိမ်းအမှတ်အဖြစ် ငြိမ်သက်ခဲ့ကြပါတယ်။
(Photo: AP)
ယနေ့ပြုလုပ်ခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားသို့ နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo၊ မြို့တော်ဝန် Bill de Blasio နဲ့ ယခင်မြို့တော်ဝန်တွေ ဖြစ်ကြတဲ့ Michael Bloomberg နဲ့ Rudy Giuliani တို့ တက်ရောက်ခဲ့ကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။
9/11 တိုက်ခိုက်မှုနောက်ပိုင်း နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ယခု အခမ်းအနားမှာ 9/11 တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေက များပြားလှတဲ့ နာမည်တွေကို လိုက်လံဖတ်ရှုကြပြီး သေဆုံးခဲ့သူတွေရဲ့အကြောင်း အနည်းငယ်ပြောကြပါတယ်။ 9/11 အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည် အမှတ်တရ အခမ်းအနားဟာ လေးနာရီနီးပါး ကြာမြင့်ကြောင်းလည်း သိရပါတယ်။
(Photo: AP)
"ကျွန်မတို့ သင်တို့ကို ချစ်ပါတယ်၊ ကျွန်မတို့ သင်တို့ကို သတိရပါတယ်၊ သင်တို့က အမြဲတမ်း အမေရိကန်ရဲ့ သူရဲကောင်းတွေပါပဲ" လို့ 9/11 တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အစ်ကိုဖြစ်သူနဲ့ တစ်ဝမ်းကွဲတစ်ဦးရဲ့ အမည်တွေကို ဖတ်ရှုရေရွတ်ခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။
အမှတ်တရ အခမ်းအနားကို တက်ရောက်လာကြတဲ့ 9/11 တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေက တစ်ဦးကိုတစ်ဦး ပွေ့ဖက်နှစ်သိမ့်အားပေးခဲ့ကြတာည်း တွေ့ရပါတယ်။ အချို့ကတော့ ထိုအကြမ်းဖက်တိုက်ခိုက်မှုကြီးအတွင်း သေဆုံးခဲ့တဲ့ ၎င်းတို့ချစ်ခင်သူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။
(Photo: AFP/Getty Images)
အခမ်းအနားမှာ ရဲတပ်ဖွဲ့အရာရှိတွေက အမေရိကန်နိုင်ငံတော်သီချင်း မတီးမှုတ်မီ အမေရိကန်အလံကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သမ္မတကတော် မီလာနီယာထရန့်တို့က 9/11 တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုများနဲ့ အသက်ရှင်ခဲ့သူတွေကို အိမ်ဖြူတော်သို့ဖိတ်ကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာလည်း 9/11 နှစ်ပတ်လည် အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး ခေတ္တငြိမ်သက်ခဲ့ကြကြောင်း သိရပါတယ်။ သမ္မတထရန့်က ယနေ့မှာ 9/11 တိုက်ခိုက်မှုမျာ ပစ်မှတ်အဖြစ် တိုက်ခိုက်ခံခဲ့ရတဲ့ ပင်တဂွန်စစ်ဌာနချုပ်သို့သွားရောက်ပြီး မိန့်ခွန်းတစ်ရပ် ပြောကြားရန်စီစဉ်ထားပါတယ်။
(Photo: AP)
လွန်ခဲ့တဲ့ ၁၈ နှစ်ဖြစ် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက ခရီးသည်တင်လေယာဉ်လေးစီးကို ပြန်ပေးဆွဲပြီး အမေရိကန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ ပထမနဲ့ ဒုတိယ လေယာဉ်နှစ်စီးဖြင့် နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အမြွှာအဆောက်အအုံနှစ်ခုကို ဝင်တိုက်ခဲ့ကြပြီး တတိယမြောက်လေယာဉ်က အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့ပါတယ်။ စတုတ္တမြောက်လေယာဉ် Flight 93 ကတော့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် Shanksville ရှိ ကွင်းပြင်တစ်ခုမှာ ပျက်ကျခဲ့ပါတယ်။ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လေယာဉ်ပြန်ပေးဆွဲ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမား ၁၉ ဦး အပါအဝင် စုစုပေါင်း လူ ၂,၉၉၆ ဦး သေဆုံးခဲ့ပြီး အခြား လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။
(Photo: AP)
ပြန်ပေးဆွဲခံရတဲ့ လေယာဉ်များအနက် American Airlines မှ Flight 11 လေယာဉ်နဲ့ United Airlines မှ Flight 175 လေယာဉ်တို့ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာန အမြွှာအဆောက်အအုံ (World Trade Center Twin Towers) ကို ဝင်တိုက်ခဲ့ကြပြီး American Airlines မှ Flight 77 လေယာဉ်က ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့ပါတယ်။ United Airlines မှ Flight 93 လေယာဉ်ကတော့ အိမ်ဖြူတော် သို့မဟုတ် လွှတ်တော်အဆောက်အအုံကို ဝင်တိုက်ရန်ပစ်မှတ်ထားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ပင်ဆယ်လ်ဗေးနီးပြည်နယ်အတွင်း ကွင်းပြင်တစ်ခုမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။