အမေရိကန်ပြည်သူတွေအတွက် ထိတ်လန့်တုန်လှုပ်စရာ ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ခဲ့တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုဟာ ယခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ ၁၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

(မိဘတွေနဲ့အတူတွေ့ရသည့် ကလေးငယ် ခရစ္စတီနာ) (Photo: People)
9/11 တိုက်ခိုက်မှု နှစ်ပတ်လည်နေ့မှာ သမ္မတအိမ်ဖြူတော်၊ နယူးယော့ခ်မြို့နဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့မှာ အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။ ထို့နေ့မှာပဲ ထူးခြားတိုက်ဆိုင်တဲ့ ကိန်းဂဏန်းတွေနဲ့အတူ အမေရိကန်ကလေးငယ်တစ်ဦး မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။
ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး သူမရဲ့မိခင်ဖြစ်သူက သမီးလေး မွေးဖွားမှုဟာ အနည်းငယ် အံ့သြဖွယ်ဖြစ်ရပ်တစ်ခုလို့ ပြောခဲ့ပါတယ်။ အဆိုပါ မိန်းကလေးငယ်ဟာ 9/11 တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် (၉ လပိုင်း၊ ၁၁ ရက်) မနက် ၉ နာရီ ၁၁ မိနစ်မှာ မွေးဖွားခဲ့ပြီး ကိုယ်အလေးချိန်က ၉ ပေါင် ၁၁ အောင်စရှိခဲ့ကြောင်း သိရပါတယ်။
(9/11 ကိန်းဂဏန်းတွေနဲ့ မွေးဖွာလာသည့် ခရစ္စတီနာ) (Photo: People)
ခရစ္စတီနာဘရောင်းလို့ အမည်ပေးထားတဲ့ သမီးငယ်လေးဟာ တင်နက်ဆီပြည်နယ် ဂျာမန်တောင်းမြို့ရှိ Methodist LeBonheur ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ခရစ္စတီနာကို ဗိုက်ခွဲမွေးဖွားပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သူမရဲ့ မွေးဖွားချိန်နဲ့ ကိုယ်အလေးချိန်ကို သိရှိခဲ့စဉ် မှင်သက်အံ့သြခဲ့ကြတယ်လို့ ဆိုပါတယ်။
(9/11 တိုက်ခိုက်မှု နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား) (Photo: AFP/Getty Images)
"ဒါက အခုလို ဖြစ်ရပ်ဆိုးနေ့ကြီးမှာ ကြည်နူးစရာ ထူးထူးခြားခြား တွေ့မြင်ခံစားရတာက တစ်ကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ၊ ကျွန်မ ဒီဆေးရုံရဲ့ အမျိုးသမီးကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတာ ၃၅ နှစ်ကျော်ပါပြီ၊ ဒီလိုမျိုး ကလေးတစ်ယောက်ရဲ့ မွေးရက်၊ မွေးဖွားချိန်နဲ့ ကိုယ်အလေးချိန် အားလုံးက တူညီတဲ့ဂဏန်းတွေ ဖြစ်နေတာ တစ်ခါမှ မတွေ့ဖူးပါဘူး" လို့ Rachel Laughlin က ပြောခဲ့ပါတယ်။
ယခုကဲ့သို့ တိုက်ဆိုင်မှုဟာလည်း အလွန်ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုလို့ သူမကဆိုပါတယ်။ ခရစ္စတီနာရဲ့ ကလေးငယ် မိဘတွေဖြစ်ကြတဲ့ ဂျက်စတင်ဘရောင်းနဲ့ ကမ်မီထရီအိုနီ မိုးရ်ဘရောင်းတို့က သူမ ကြီးပြင်းလာချိန်မှာ ထူးခြားတိုက်ဆိုင်မှုတွေဖြစ်ခဲ့တဲ့ သူမ မွေးဖွားမှုအကြောင်း ပြန်ပြောပြရမယ်လို့ ပြောကြပါတယ်။
(9/11 တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အမြွှာအဆောက်အအုံ) (Photo: Getty Images)
လွန်ခဲ့တဲ့ ၁၈ နှစ်ဖြစ် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက ခရီးသည်တင်လေယာဉ်လေးစီးကို ပြန်ပေးဆွဲပြီး အမေရိကန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ ပထမနဲ့ ဒုတိယ လေယာဉ်နှစ်စီးဖြင့် နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အမြွှာအဆောက်အအုံနှစ်ခုကို ဝင်တိုက်ခဲ့ကြပြီး တတိယမြောက်လေယာဉ်က အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့ပါတယ်။ စတုတ္တမြောက်လေယာဉ် Flight 93 ကတော့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် Shanksville ရှိ ကွင်းပြင်တစ်ခုမှာ ပျက်ကျခဲ့ပါတယ်။ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လေယာဉ်ပြန်ပေးဆွဲ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမား ၁၉ ဦး အပါအဝင် စုစုပေါင်း လူ ၂,၉၉၆ ဦး သေဆုံးခဲ့ပြီး အခြား လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။
Source: People, BBC, CNN