စနေနေ့ နံနက်ပိုင်းမှာ နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Photo : Fox Sports Asia
- ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးက ဟာဇက် နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီတို့ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Don Balon က ဖော်ပြခဲ့ပါတယ်။ ဟာဇက်အတွက် ယူရိုသန်း ၁၀၀ နဲ့ အဆန်စီယိုတို့ကို အလိုက်ပေးကမ်းလှမ်းဖို့ ရီးရဲလ်က ပြင်ဆင်နေပြီး ပီအက်စ်ဂျီမှာ နေမာနဲ့ အဆင်မပြေဖြစ်နေပြီးနောက် ကာဗာနီကလည်း အသင်းကနေ ထွက်ခွာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကာဗာနီကတော့ အသက် (၃၀)ကျော်နေပြီဖြစ်ပေမယ့်လည်း ထိပ်တန်းခြေစွမ်းမှာ ရှိနေဆဲမို့ ရီးရဲလ်အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရနိုင်တယ်လို့လည်း သိရပါတယ်။

Photo : West Ham United
- ဝက်စ်ဟမ်းအသင်းရဲ့ နောက်ခံလူ ဇာဘလက်တာဟာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ အသက် (၃၃)နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ဝက်စ်ဟမ်းအတွက် ခြေစွမ်းပြနေပြီး နောက်ထပ်ဘောလုံးရာသီ တစ်ရာသီလောက် ထပ်မံံ ကစားခွင့်ရဖို့အတွက် မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
Photo : Sky Sports
- မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားဝယ်ယူမှု ပြုလုပ်သွားမှာမဟုတ်ဘူးလို့ နည်းပြဂွာဒီယိုလာက အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ဝုလ်ကွင်းလယ်လူ ရူဘန်နက်ဗက် နဲ့ လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီတို့ကို စိတ်ဝင်စားနေတယ်လို့ သိရပေမယ့်လည်း ဂွာဒီယိုလာက ကစားသမားသစ် ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
Photo: Evening Standard
- ပြင်သစ်ကလပ်မာဆေးလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘတ်ရှူဝါယီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Le10Sport က ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားဟာ မာဆေးလ်မှာ (၂)ရာသီကြာ ကစားခဲ့ပြီး ခြေစွမ်းပြခဲ့ပြီးနောက် ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးမှာ ရုန်းကန်နေခဲ့ရပြီး အငှားနဲ့ ထွက်ခွာကစားနေခဲ့တဲ့ ဘတ်ရှဝါရီကို ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူဖို့ မာဆေးလ်က စိတ်ဝင်စားနေတာပါ။
Photo : The Indian Express
- ဘာစီလိုနာအသင်းက ထွက်ခွာတော့မယ်လို့ နာမည်ကြီးနေတဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကို အဝတ်လဲခန်းအတွင်းမှာ အသင်းဖော် တွေက အားပေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ တောင်ပံကစာသမား မယ်လ်ကွန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒမ်ဘီလီဟာ နည်းပြ ဗယ်လ်ဗာဒီနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး ဇန်နဝါရီမှာ အသင်းက ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူပါ။ ဒါပေမယ့်လည်း မယ်လ်ကွန်က အသင်းဖော်ကစားသမားကို အခြားကစားသမားတွေက အားပေးစကား ပြောကြားနေပြီး ခြေစွမ်းပြနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။