သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက သားလေးရဲ့ ကံဇာတာကြောင့် လက်ဆောင်တွေအများကြီး ရနေတဲ့အကြောင်းပြောပြလာပါတယ်။ သားလေးကိုတော့ Jack Jack ဆိုပြီး ချစ်စနိုးနဲ့ နာမည်ပေးထားပါတယ်။
Photo: Nann Myat Phyo Thin
နန်းမြတ်ဖြိုးသင်းတစ်ယောက် သားလေးကို ကိုယ်ဝန်လွယ်ထားရကတည်းက လက်ဆောင်တွေ၊ အစားအသောက်တွေ၊ ခရီးတွေ အများကြီးသွား၊ အများကြီးစားနေရလို့ ဝမ်းသာနေသူပါ။ သားသားရဲ့ ကံဇာတာကြောင့်ပါတဲ့။
‘’ယနေ့ထပ်မံရောက်ရှိ တောင်ကြီးကအဒေါ်တယောက်ထပ်ပို့ပေးတာ ၃မျိုးလုံးအဒေါ်ခြံထွက်တွေချည်းပဲတဲ့ ဒေသ အသီး လတ်လတ်ဆတ်ဆတ်စားရပြီကွ။ တောင်ကြီးမှာအမျိုးမရှိပေမယ့်အမျိုးရှိသလိုပါပဲလား။Jackjack လေးကိုယ်ဝန်နဲ့မှလက်ဆောင်တွေတအားရတာပဲ။ သူ့ကံနဲ့မေမေစားတာပေါ့နော်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Nann Myat Phyo Thin
နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံက ဇန်နဝါရီလ ၂၄ ရက်နေ့က The Clinic INYA ဆေးခန်းမှာ အာထရာဆောင်းရိုက်ရင်းနဲ့ ဗိုက်ထဲမှာရှိနေတဲ့ သားလေးကို မြင်တွေ့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားလေးကို တွေ့ခွင့်ရလိုက်တဲ့ နန်းမြတ်ရဲ့ရင်ထဲက ပီတိစကားကိုလည်း အခုလိုပြောပြလာပါတယ်။
‘’အချစ်ကလေးကိုမြင်ရတဲ့နေ့။ လှုပ်လိုက်တာမှအရမ်းပဲ၊ မျက်နှာကိုလက်နှစ်ဖက်လုံး ကွယ်လို့အားမရလို့ခြေထောက်နဲ့ပါကွယ်သေးတာ။စိတ်ရှည်ရှည်နဲ့ရအောင်ရိုက်ပေးတဲ့ဒေါက်တာဒေါ်ခင်ခင်အေးကျေးဇူး နဲ့ပုံလေးတွေရခဲ့လို့တော်သေးတယ်။ အဆော့မက်တဲ့သားလေးJack Jack’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Nann Myat Phyo Thin
နန်းမြတ်ဖြိုးသင်းတစ်ယောက် သားသားလေး ကိုယ်ဝန်နဲ့ ပင်လယ်ကမ်းခြေခရီးတွေ ခဏခဏ ထွက်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့ သားလေးကို နဂါးလေးများလားလို့ ချစ်စနိုးနဲ့ တင်စားခေါ်ဝေါ်ခဲ့ပါသေးတယ်။
‘’သားသားလေးက နဂါးလေးများလားကွယ်။ နှစ်လအတွင်းငပလီကို ၃ ကြိမ်ရောက်တယ်။ ပင်လယ်မြင်ရရင်ကို စိတ်ထဲကျေနပ်ကြည်နူးနေတာမွေးပြီး ခရီးသွားလို့ရတာနဲ့ ပင်လယ်သွားမယ် စိတ်ကူးထားတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Nann Myat Phyo Thin
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးဇူးတင်စကား ပြောထားပါသေးတယ်။
Share