ကနဦး အငှားဖြင့်သာရရှိတာဖြစ်ပြီး လာမယ့်နွေရာသီမှာ ပေါင် သန်း ၂၀ နဲ့ အပြီးသတ် စာချုပ်ခေါ်ယူမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ အာဆင်နယ်ကို ရောက်ရှိလာသူလို့ သိရပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်ပိုင်းမှာ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘာစီလိုနာ ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကတော့ ရောက်ရောက်ချင်းမှာပဲ အချိန်မဖြုန်းတော့ဘဲ တစ်ဦးတည်းလေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆွာရက်ဇ်ဟာ အငှားစာချုပ်နဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး လာမယ့် နွေရာသီမှာတော့ အာဆင်နယ်က ပေါင် သန်း ၂၀ နဲ့ အပြီးသတ် စာချုပ်ခေါ်ယူဖို့ သဘောတူညီမှုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။
အာဆင်နယ်က တရားဝင်ကြေညာချက် ထုတ်ပြန်ပြီးသည်နဲ့တပြိုင်နက် ဆွာရက်ဇ်က လာမယ့်အပတ် ပွဲစဉ်အတွက် အစောဆုံးပြင်ဆင်မှုတွေကို ကြံ့ခိုင်ရေး နည်းပြ ဂျူလီယန် မက်ဆက်နဲ့အတူ တစ်ဦးတည်း စတင်ပြုလုပ်ခဲ့တာပါ။
ဆွာရက်ဇ်က အာဆင်နယ်မှာ ကျောနံပါတ် ၂၂ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပြီး ပထမဆုံး ပွဲစဉ်အဖြစ် အသင်းဟောင်း မန်စီးတီးနဲ့ကစားမယ့် လာမယ့် တနင်္ဂနွေနေ့မှာ စတင်ပွဲထွက်လာမယ်လို့ ဆိုပါတယ်။
“အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အသင်းမှာ ကြိုးစားသွားမှာပါ၊ ယူရိုပါလိဂ်ကိုလည်း ရယူချင်ပါတယ်။ ဒီဖလားကို ဆီဗီလာမှာတုန်းက နည်းပြ အမ်မရီနဲ့ပဲ ရယူခဲ့ဖူးပါတယ်၊ အာဆင်နယ်နဲ့လည်း ဘာလို့ မရနိုင်ရမှာလဲ” လို့ ဆွာရက်ဇ်က အာဆင်နယ်မီဒီယာကို ပြောခဲ့ပါတယ်။
စပိန်ကနေ မထွက်ခွာမီမှာ ဆွာရက်ဇ်က ဘာစီလိုနာတစ်သင်းလုံးနဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံကို လူမှုကွန်ရက်မှာတင်ခဲ့ပြီး ကျေးဇူးတင်ကြောင်းနဲ့ မကြာခင်ပြန်ဆုံဖို့ မျှော်လင့်တယ်” လို့ ရေးသားခဲ့ပါသေးတယ်။
ဆွာရက်ဇ်ဟာ ဘာစီလိုနာနဲ့အတူ ပွဲထွက်ခွင့်နည်းပါးခဲ့ပြီး ၈ ပွဲသာ ပွဲထွက်ခဲ့ရပေမယ့် ၂ ဂိုးသွင်းယူပြီး တစ်ဂိုး ဖန်တီးထားနိုင်ခဲ့သူပါ။ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၆ တုန်းက ဘော့စနီးယားနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတစ်ပွဲမှာ ပါဝင်ကစားပေးထားဖူးပါတယ်။