ဆိုးလ်ရှားကိုင်တွယ်ခဲ့တဲ့ စုစုပေါင်း ၂၈ ပွဲရမှတ်က မော်ရင်ဟိုနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ နောက်ဆုံး ၂၈ပွဲထက် ၂ မှတ်လျော့နည်းနေတာကို ထောက်ပြလာကြပါတယ်။
အာဆင်နယ်ကို အိမ်ကွင်းမှာ ဦးဆောင်ဂိုးသွင်းပြီး အနိုင်မကစားနိုင်ခဲ့တဲ့ ပွဲအပြီးမှာတော့မိမိတို့အသင်းသားတွေ အနေနဲ့ တောင်တက်ရသလို ခက်ခဲနေပြီး သင်ယူဖို့လုပ်ဆောင်ရဦးမယ်လို့ ကောက်ချက်ချ ပြောခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
ပထမပိုင်းမှာ ၁-ဝ နဲ့ ဦးဆောင်နေပေမယ့် အူဘာမီယန်းရဲ့ ချေပဂိုးကြောင့် ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်နဲ့လည်း ကြုံတွေ့နေရပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေရပါတယ်။
“ ကျွန်တော်တွေးမိပါတယ်၊ ကျွန်တော်တို့ နောက်ထပ် ဘယ်လောက်များ ၁-၀ နဲ့ ဦးဆောင်ပြီး ဒုတိယဂိုး ထပ်မသွင်းနိုင်မယ့် အဖြစ်တွေ ရှိဦးမလဲဆိုတာ။ဒီဖြစ်စဉ်က ကျွန်တော်တို့အတွက် တောင်တက်နေရသလို အရမ်းခက်ခဲနေစေပါတယ်။သင်ယူမှုတွေ များစွာ လုပ်ဆောင်ရပါဦးမယ်။ အလုပ်ကို ပိုကြိုးစားရပါမယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလည်း ချနိုင်ဖို့လိုနေပါပြီ။” လို့ ဆိုးလ်ရှားက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။
အခုပွဲမှာ သရေ တစ်မှတ်ကြောင့် ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့စုစုပေါင်း ၂၈ ပွဲမှာ ၄၉ မှတ်သာ စွမ်းဆောင်ထားပြီး ဒါဟာ အရင်နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ နောက်ဆုံး ၂၈ ပွဲထက် ၂ မှတ်လျော့နည်းနေပါသေးတယ်။
ဒီလိုဖြစ်နေပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားဟောင်းကြီး ရွိုင်ကိန်းကတော့ ဆိုးလ်ရှားကို အချိန်ထပ်ပေးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။