အာဆင်နယ်အသင်းရဲ့ အပယ်ခံကွင်းလယ်ကြယ်ပွင့် အိုဇေးလ်က ထိပ်တန်းအသင်း ၆ သင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရာမှာ ရရှိခဲ့တဲ့ ၎င်းရဲ့ မှတ်တမ်းဆိုးကို ကာကွယ်ပြောကြားခဲ့ပြီး ယင်းပွဲစဉ်တွေမှာ ဆိုးရွားတဲ့ရလဒ်အတွက် မကြာခဏခုတုံးလုပ်ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Football.london ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အိုဇေးလ်ဟာ နည်းပြ အူနိုင်းအမ်မရီလက်ထက်မှာ ပုံစံကောင်း ပြသနိုင်ခြင်းမရှိခဲ့ဘဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပေမယ့် ကာလရှည်အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေသူဖြစ်ပါတယ်။
နည်းပြအူနိုင်းအမ်မရီဟာ ယခုရာသီမှာ အိုဇေးလ်ကို ဝက်ဖို့ဒ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်နဲ့ ကရာဘောင်ဖလားပွဲစဉ် စုစုပေါင်း ၂ ပွဲသာ ပါဝင်ကစားခွင့်ပြုခဲ့တာဖြစ်ပြီး အိုဇေးလ်ရဲ့လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလည်း မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းမှာ အိုဇေးလ်ရှိနေခဲ့တဲ့ ကာလတလျှောက်လုံးမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း စွမ်းဆောင်ရည်ကောင်း မပြသနိုင်ဘဲ လူပိုလိုဖြစ်နေတတ်တယ်လို့ ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။
ဒါပေမယ့်လည်း အိုဇေးလ်က အာဆင်နယ်အသင်းရဲ့ ရှုံးနိမ့်မှုက အခြားအသင်းတွေက ပိုကောင်းမွန်တာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း မကြာခဏ ၎င်းကို ရလဒ်ဆိုးနေတဲ့ ပွဲစဉ်တွေမှာ ခုတုံးလုပ်ခဲ့တယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။
“အာဆင်နယ်ကစားသမားဟောင်းတစ်ဦးက တီဗွီထဲမှာ ရပ်နေပြီဆိုရင် ကျွန်တော့်ကို ဝေဖန်တာက အမြဲတမ်းဖြစ်နေကျကိစ္စပါ”
“တကယ်လို့ ကျွန်တော်တို့ ပွဲကြီးတွေမှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူးဆိုရင် အဲဒါက အမြဲတမ်း ကျွန်တော့်အမှားဖြစ်နေတယ်။ တကယ်လို့ ဟုတ်ခဲ့တယ်ဆိုရင်တောင် ကျွန်တော် မပါတဲ့အချိန်မှာ ဖြစ်နေမယ့် အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲရလဒ်ကို ဘယ်လို ရှင်းပြမှာလဲ။ တကယ်ကို ကွဲပြားခြားနားမှုကို မရှိပါဘူး။ ကျွန်တော့်ဆီကနေ လူတွေ အများကြီးပိုပြီး မျှော်လင့်တယ်။ ပါဝင်ကစားပြီး ကွဲပြားခြားနားမှုတွေ ပြုလုပ်နိုင်မယ်ပေါ့။ ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်တာပါပဲ။ ဒါပေမယ့် ဒါက အဲဒီလောက် မရိုးရှင်းပါဘူး”လို့ The Athletic ကို ပြောကြားခဲ့ပါတယ်။