ပရီးမီးယားလိဂ်ရဲ့ဝါရင့်နည်းပြဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဟယ်ရီရက်နပ်က အာဆင်နယ်တို့ ခေါ်ယူလိုက်တဲ့ ဟာဗက်ဇ်နဲ့ ပတ်သက်လို့ ဒီကစားသမားရဲ့ အကောင်းဆုံးပုံစံကို တစ်ခါမှမမြင်ဖူးခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိနွေရာသီမှာ ဟာဗက်ဇ်ကို ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာပါ။
အဆိုပါ ဂျာမနီလက်ရွေးစင်ကြယ်ပွင့်အတွက် အာဆင်နယ်တို့ ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်း အသုံးပြုခဲ့ရပြီး အာတီတာကတော့ ဟာဗက်ဇ်ကို ကွင်းလယ်မှာ ထားသုံးဖို့ ရည်ရွယ်ထားပါတယ်။ အာဆင်နယ်ဟာ လက်ရှိနွေရာသီမှာ ငွေကြေးအလုံးအရင်း အသုံးပြုနေပြီး ဒကလန်ရိုက်စ်၊ တင်ဘာတို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။
ဟာဗက်ဇ်ဟာ လေဗာကူဆင်မှာ ရှိနေတုန်းက ဥရောပအသင်းကြီးတိုင်း အလိုရှိတဲ့ ကြယ်ပွင့်ဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးမှာတော့ ရုန်းကန်ခဲ့ရတဲ့အချိန်အချို့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေအတွက် မမေ့နိုင်စရာ ကစားသမားတွေထဲက တစ်ယောက်အဖြစ် ရှိနေပါတယ်။
ဟာဗက်ဇ်ကို အာဆင်နယ်တို့ ခေါ်ယူလိုက်တာနဲ့ ပတ်သက်လို့ ရက်နပ်က “ကျွန်တော့်အထင်ကို ပြောရရင် ဒကလန်ရိုက်စ်ကို ခေါ်ယူလိုက်တာက ကြီးကျယ်ခမ်းနားတဲ့ ခေါ်ယူမှုတစ်ခုပါပဲ။ အာဆင်နယ်ကို ကြည့်ရတာ သူနဲ့ ဟာဗက်ဇ်နှစ်ယောက်ကို အတွဲလိုက် ခေါ်လိုက်တယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဟာဗက်ဇ်ရဲ့ အကောင်းဆုံးပုံစံကို တစ်ခါမှမမြင်ဖူးပါဘူး”
“သူ့အနေနဲ့ ချဲလ်ဆီးမှာ ပြသခဲ့တဲ့ ခြေစွမ်းထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်က အာဆင်နယ်အတွက် ကြီးမားတဲ့ ခေါ်ယူမှုနှစ်ခုဖြစ်ပါတယ်” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ အာဆင်နယ်နဲ့အတူ (၅) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး အသင်းအတွက် အားကိုးရတဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖို့ အာဆင်နယ်ပရိသတ်တွေက မျှော်လင့်ထားပါတယ်။