အိမ့်ချစ်က ဖခင်ဖြစ်သူ ချစ်ကောင်း၊ သူမရဲ့ မောင်လေးတို့နဲ့အတူ ဖျော်ဖြေပွဲတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး မောင်လေးဖြစ်သူကိုလည်း သင်ပြ၊ ပြောပြနေတယ်လို့ ဆိုပါတယ်။
Photo: Amazing Grace
အိမ့်ချစ်က သားအဖသုံးယောက်ပေါင်းပြီး ဖျော်ဖြေပွဲလေးတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် မောင်လေး ကိုလည်း ဖျော်ဖြေရေးတွေနဲ့ ပတ်သက်ပြီး သင်ပြ၊ ပြောပြပေးနေတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
‘’ အဖေရယ်၊ အိမ့်ချစ်ရယ်၊ မောင်လေးရယ် သုံးယောက်ပေါင်းပြီးတော့ နောက်ပိုင်းမှာ ပွဲလေးတွေ လုပ်သွားဖို့ အစီအစဉ်ရှိတယ်။ အခုက မောင်လေးကိုလေ စတိတ်စင်ကို မကြောက်ဖို့ သူ့ကို အရင်ပြောရတာ။ သူက စင်ပေါ်တက်ပြီဆို မျက်နှာကြီး အရမ်းပျက်နေတာ သိသာတယ်။ စာသားတွေမေ့တယ်၊ ကီးတွေချော်တယ်၊ ကျန်တဲ့အချိန်မှာဆို အကောင်း’’ လို့ ဆိုပါတယ်။
Photo: Eaint Chit
အိမ့်ချစ် တို့ သားအဖ သုံးယောက် သီဆိုထားတဲ့ သီချင်းအခွေလေးက မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့ က Joox Music Final ရွေးချယ်ပွဲကြီးမှာ ပြောပြခဲ့တာပါ။
‘’အိမ့်ချစ်တို့ သားအဖသုံးယောက် အခွေထွက်လိုက်ဦးမယ်။ ခေါင်းစဉ်တောင် စဉ်းစားထားတယ်။ ခေတ်သုံးခေတ်ရဲ့ ချစ်သုံးချစ် ဆိုပြီးတော့ ၂၀၁၉ ခုနှစ်ထဲမှာ ထွက်မှာပါ။ အိမ့်ချစ်တို့ သားအဖသုံးယောက်အခွေ ထွက်ပြီးရင် အိမ့်ချစ်ရဲ့ တစ်ကိုယ်တော်အခွေလေး လုပ်ဖို့ပြင်ဆင်မယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းလောက် ထွက်နိုင်အောင် ကြိုးစားမယ်’’ လို့ သူကဆိုပါတယ်။
Photo: Amazing Grace
အိမ့်ချစ်ရဲ့ ဖခင်ဖြစ်သူ ချစ်ကောင်းကလည်း ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ဖြစ်သလို၊ အိမ့်ချစ်ကိုယ်တိုင်ကလည်း လက်ရှိအောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် မောင်လေးကိုလည်း ဂီတနဲ့ပတ်သက်ပြီး အောင်မြင်စေချင်တဲ့အကြောင်း ပြောပြလာပါတယ်။
‘’ ကလေးတွေကကျတော့ အဲ့ဒီမျက်လုံးတစ်လုံးကို လိုက်ကြည့်လိုက်ပြီးရင် ဟာ ငါ့ကိုမကြိုက်တာလား၊ ငါ့ကို ဆင်းစေချင်တာလားဆိုတဲ့ အတွေးတွေက သီချင်းဆိုနေတာကြီးကို အရမ်းနှောင့်နှေးသွားစေတယ်။ မောင်လေးကိုလည်း အခုချိန်မှာ သင်ရတယ်။ စတိတ်မကြောက်အောင် အိမ့်ချစ်ကဆွဲဆွဲပြီးတော့ ခေါ်ပေးနေတဲ့ သဘောပေါ့။ သားအဖသုံးယောက်ဆိုရင်တော့ ဘေးမှာ အဖေလည်းရှိတယ်၊ အစ်မလည်းရှိတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
Photo: Eaint Chit
အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။
Share