နိုဝင်ဘာ ပထမအပတ်ကစပြီး ဆောင်းအအေးဓာတ်ကိုစတင်ခံစားရတော့မှာဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာ (၂၅)ရက်နေ့ကစပြီး မုတ်သုံလေဝင်ရောက်လာပြီဖြစ်လို့ တစ်နိုင်ငံလုံး မိုးပါးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလကုန်ပိုင်းလောက်မှာ အရှေ့ဘက်က လေပွေလှိုင်းဝင်ရောက်လာခဲ့ရင်တော့ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ မိုးပြန်ကောင်းနိုင်ပေမယ့် ကြားကာလတွေမှာတွေတော့ တစ်နိုင်ငံလုံး မိုးပါးသွားပြီလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက Duwunကိုပြောပါတယ်။

“ ဒီတစ်ပတ်ကစပြီး တစ်နိုင်ငံလုံးမိုးပါးသွားပါပြီ။ နိုဝင်ဘာ ပထမအပတ်လောက်မှာတော့ အရှေ့ဘက်လေပွေလှိုင်းဝင်ရောက်နိုင်ဖွယ်ရှိတယ်။ ဖြစ်မဖြစ်တော့ မသိဘူး ဒါကကြိုတင်ခန့်မှန်းထားရတာပေါ့။ တကယ်လို့ ဝင်ရောက်ခဲ့ရင်တော့ တောင်ပိုင်းဒေသတွေမှာတော့ နိုဝင်ဘာ (၁)ရက်ကနေ (၃)ရက်ထိလောက်က မိုးပြန်ရနိုင်တယ်။ ကျန်ဒေသတွေကတော့ မိုးတော်တော်ပါးသွားမယ်”လို့ ဦးလှထွန်းက ပြောပါတယ်။ 

မိုးနှောင်းကာလမှာ မိုးကောင်းခဲ့တဲ့ အတွက် မိုးအကုန်ဆောင်းအကူး အစပိုင်းကတည်းက အအေးဓာတ်ကိုခံစားရနိုင်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာတော့ အအေးဓာတ်ကို နိုဝင်ဘာလစကတည်းက ပိုပြီးခံစားရနိုင်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က မိုးနှောင်းကာလအဖြစ် တစ်နိုင်ငံလုံးနီးပါး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မြေပြိုမှုဖြစ်စဉ်တွေ၊ ဘုရားမုဒ်ဦးပြိုကျမှုတွေ၊ ဘုရားစေတီထိခိုက်ပျက်စီးမှုဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ 

ဒီကာလမှာ အဆိုးဆုံး သဘာဝဘေး ခံစားခဲ့ရတာကတော့ မကွေးတိုင်းဖြစ်ပြီး မြေပြိုကျမှုဖြစ်စဉ်တွေကြောင့် ကားတွေပိတ်ကာ လမ်းပန်းခရီး အခက်အခဲဖြစ်တဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က