Apple ၊ Samsung နဲ့ Google တို့ရဲ့ High-End ထုတ်ကုန်သစ်တွေကို အောက်တိုဘာတတိယပတ်ထဲမှာ ကြေညာသွားတော့မှာပါ။
အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ကုန်မိတ်ဆက်ပွဲတစ်ခု ကျင်းပသွားမယ်လို့ Apple က သတင်းထုတ်ပြန်ပါတယ်။ ဆောင်းရာသီမှာ ဒုတိယအကြိမ် ထုတ်ကုန်သစ်မိတ်ဆက်တာ ဖြစ်လို့ ဒီတစ်ခေါက်မှာ MacBook သစ်တွေ ကြေညာမယ့်ပွဲလို့ ထင်ကြေးပေးနေကြပါတယ်။
Apple ဝက်ဘ်ဆိုက်ပေါ်ကနေ Live Stream နဲ့ ကျင်းပသွားမယ့်ပွဲ ဖြစ်ပြီး MacBook သစ် ၊ ဒီဇိုင်းပြောင်းထားတဲ့ အဆင့်မြင့် Mac Mini သစ် နဲ့ တတိယမျိုးဆက် AirPods တွေကို ဒီတစ်ခေါက်ပွဲမှာ မြင်ရဖို့ ရှိပါတယ်။ လောလောဆယ် ထွက်ထားတဲ့သတင်းတွေအရ Apple ကနေ Arm ကို အခြေခံတည်ဆောက်ထားပြီး Apple ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ M1X processor သစ်နဲ့ လာတဲ့ ၁၄ လက်မနဲ့ ၁၆ လက်မ MacBook Pro တွေကို ကြေညာမယ်လို့ ယူဆရပါတယ်။
Photo: Sahil Madaan
Bloomberg သတင်းထောက် မာ့ခ် ဂါးမန်းရဲ့ အဆိုအရ M1X ဟာ အရင် M1 လို 8 Core မဟုတ်ဘဲ 10 CPU Cores နဲ့ လာပြီး Graphic Processor ကိုလည်း 7 core , 8 core တွေအစား 16 core ဒါမှမဟုတ် 32 cores တွေ ပါရှိမယ်လို့ ဆိုပါတယ်။ MacBook သစ်တွေမှာ သံလိုက် MagSafe အားသွင်းစနစ် ၊ HDMI port နဲ့ SD Card slot တွေ ပြန်ပါလာဖို့ ရှိတယ်လို့ ဆိုပါတယ်။
Apple ထုတ်ကုန်သစ် မိတ်ဆက်မှုအပြီး နောက်တစ်ရက်မှာ Google က သူ့ရဲ့ Premium စမတ်ဖုန်းတွေ ဖြစ်တဲ့ Pixel 6/6 Pro သစ်တွေကို ကြေညာသွားမှာပါ။ Apple MacBook သစ်တွေလိုပဲ Pixel ဖုန်းသစ်တွေမှာလည်း Google ရဲ့ ကိုယ်ပိုင် AI နည်းပညာမြင့် Tensor Chipset သုံးလာမယ်လို့ ဆိုပါတယ်။
Pixel 6 စီးရီးမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက ကင်မရာစနစ် ဖြစ်ပြီး ဒီနှစ်ထဲမှာ Pixel ဖုန်းသစ်တွေဟာ ကျောဘက်ဒီဇိုင်း ပြောင်းလာတာလည်း တွေ့ရမှာပါ။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ Pixel ဖုန်းတွေမှာ Security Updates ၅ နှစ် ပေးသွားမယ်လို့ ဖော်ပြနေကြပါတယ်။
Photo; Android Authority
တကယ်လို့ Pixel 6/6 Pro ဖုန်းတွေမှာ ၅ နှစ်အထိ Major Android OS Update ပေးမယ်ဆိုရင် Android 17 အထိ တင်နိုင်မှာ ဖြစ်ပါတယ်။ ဒီသတင်းသာ အမှန်ဆိုရင်တော့ စမတ်ဖုန်းတွေထဲမှာ Software Update အမြင့်ဆုံးအထိ ပေးတဲ့ဖုန်းတွေ ဖြစ်လာမှာပါ။ Google Pixel 6 နဲ့ Pixel 6 Pro ဖုန်းသစ်တွေကို ခန့်မှန်းခြေ ဒေါ်လာ ၇၅၀ (မြန်မာငွေ ၁၅ သိန်းနဲ့ ) ဒေါ်လာ ၁၀၅၀ (မြန်မာငွေ ၂၁ သိန်းကျော်) ဈေးတွေနဲ့ စတင် ရောင်းချသွားဖို့ ရှိပါတယ်။
Apple နဲ့ Google တို့ရဲ့ ထုတ်ကုန်မိတ်ဆက်ပွဲအပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာ Samsung ကလည်း Galaxy Unpacked Part 2 ပွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ဒီပွဲမှာတော့ Galaxy ဖုန်းသစ်တွေထက် ဖုန်းသစ်တွေအတွက် သုံးစွဲသူစိတ်ကြိုက်ချိန်ညှိနိုင်မယ့် Customization နည်းပညာဝန်ဆောင်မှုတစ်ခုခု ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
Photo: gizmochina
“”ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ ဗဟုကိစ္စတွေနဲ့ အရောင်အသွေးစုံလင်ပြီး စိတ်လှုပ်ရှားစရာကောင်းသလို မတူထူးခြားတဲ့နည်းလမ်းတွေနဲ့ နေထိုင်နေကြပါတယ်။ အဲ့ဒီလိုပါပဲ။နေ့စဉ် သူတို့ သုံးနေတဲ့ နည်းပညာကလည်း သူတို့ရဲ့ တစ်ဦးချင်းပင်ကိုယ်သဘောကို ထင်ဟပ်သင့်ပါတယ်။ ဒီတော့ နည်းပညာကနေ ကိုယ့်ကိုယ်ကိုယ် ဖော်ပြမှုအတွက် အတွေ့အကြုံသစ်တွေကို Samsung က ဘယ်လို ဖွင့်လှစ်ပေးလိုက်သလဲဆိုတာ သိရဖို့ အောက်တိုဘာ ၂၀ ရက် Galaxy Unpacked Part 2 ကို တက်ရောက်လိုက်ပါ” လို့ Samsung ရဲ့ သတင်းခန်း ထုတ်ပြန်ချက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ဘာထုတ်ကုန်ပဲဖြစ်ဖြစ် အောက်တိုဘာ တတိယပတ်မှာ ထိပ်သီးနည်းပညာပြိုင်ဘက်ကြီးတွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို တွေ့ရမှာကတော့ စိတ်လှုပ်ရှားစရာပါပဲ။
Share