အောင်ကောင်းမာန်နည်းတူ မလေးရှားလိဂ်ကလပ်ဆီလန်ဂေါအသင်းမှာကစားနေတဲ့ လူငယ်ကစားသမားဟိန်းထက်အောင်လည်း လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားဖို့ရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
ဆူဇူကီးဖလားပြိုင်ပွဲအတွက် တူရကီမှာ သွားရောက်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းကို မလေးရှားကလပ် ဖာဟန်းမှာကစားနေတဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်က သွားရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့အချိန်ဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့ပါတယ်။

အောင်ကောင်းမာန်နည်းတူ မလေးရှားလိဂ်ကလပ်ဆီလန်ဂေါအသင်းမှာကစားနေတဲ့ လူငယ်ကစားသမားဟိန်းထက်အောင်လည်း လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားဖို့ရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ပြည်ပမှာကစားနေတဲ့ အခြားသောကစားသမားတွေဖြစ်တဲ့ အောင်သူ၊ ကျော်ကိုကို နဲ့ ဇော်မင်းထွန်းတို့ကတော့ လက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူသွားပြီလို့ နည်းပြအန်တိုနီဟေးက ပြောဆိုထားပြီးဖြစ်ပါတယ်။
ဒါကြောင့် လက်ရွေးစင်အသင်းမှာ ပြည်ပအခြေစိုက်ကစားသမားအဖြစ် အောင်ကောင်းမာန်နဲ့ ဟိန်းထက်အောင်တို့သာ ပါဝင်လာတော့မှာလည်းဖြစ်ပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာလ ၉ ရက်နေ့က တူရကီအပျော်တမ်းလိဂ်မှာကစားနေတဲ့ မာနက်ဗ်ဂတ်စပေါ်အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိခဲ့ကာ ဝင်းနိုင်ထွန်းနဲ့ မောင်မောင်လွင်တို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ်ခြေစမ်းပွဲတွေအဖြစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဘူရွန်ဒီ၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။ အောင်ကောင်းမာန်နဲ့ ဟိန်းထက်အောင်တို့ကတော့ အင်ဒိုနီးရှားနဲ့ပွဲမှသာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။ သူတို့နှစ်ဦးလာရောက်ပူးပေါင်းမယ့်အကြောင်းကိုလည်း မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး ဟိန်းထက်အောင်က အနည်းငယ်နောက်ကျပူးပေါင်းဖို့ရှိနေတယ်လို့ ဆိုပါတယ်။