တိုးတက်ဖွံ့ဖြိုးလာတဲ့ Esports လောကကို ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်းစုံ ဝင်ရောက်ကြော်ငြာလာကြပေမယ့် Adidas အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဂိမ်မာတစ်ယောက်နဲ့ လက်တွဲခဲ့တာပါပဲ။
ကမ္ဘာကျော် Sportswear အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ကိုတော့ လူတိုင်းလိုလို သိကြမှာပါ။ Adidas ဟာ အားကစားလောကမှာ အတော်လေးကျော်ကြားပြီး သူစပွန်ဆာပေးထားတဲ့ အားကစားသမားတွေ၊ အသင်းတွေလည်း အများကြီးပါပဲ။
လက်ရှိမှာ Adidas ဟာ ဂိမ်းလောကထဲကိုပါ နယ်ပယ်ချဲ့ထွင်နေပြီဖြစ်ပြီး မကြာသေးခင်ကမှ နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ Ninja ကို စာချုပ်ချုပ်ဆိုကာ ပါတနာအဖြစ်လက်တွဲခဲ့ပါတယ်။ အခုဆိုရင်တော့ Ninja ဟာ Adidas ရဲ့စာချုပ်ချုပ်ဆိုခြင်းကိုခံရတဲ့ ပထမဦးဆုံးသော Gamer တစ်ဦးဖြစ်လာခဲ့ပါတယ်။
Ninja ရဲ့နာမည်အရင်းကတော့ Richard Tyler Blevins ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား Streamer တစ်ဦးပါ။ Streamer တွေထဲမှာမှ နာမည်အကြီးဆုံး Streamer လို့ပြောရမှာဖြစ်ပြီး ဂိမ်းကစားရင်း ဆယ်လီဘရစ်တီဖြစ်လာတဲ့ လူနည်းစုထဲကမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
Fortnite ကစားရင်းနာမည်ကြီးလာတာဖြစ်ပြီး ပြီးခဲ့တဲ့လကမှ Follower ၁၄.၅ သန်းကျော်ရှိတဲ့ Twitch ကိုစွန့်ခွာပြီး Microsoft ရဲ့ Streaming ပလက်ဖောင်းဖြစ်တဲ့ Mixer ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ Ninja ဟာ Red Bull Energy Drink လိုနာမည်ကြီး Brand တွေနဲ့လက်တွဲလျက်ရှိပြီး အခုတစ်ခါမှာလည်း adidas ရဲ့ကမ်းလှမ်းမှုနဲ့အတူ လက်တွဲသွားတော့မှာပဲဖြစ်ပါတယ်။
Adidas ကတော့ ဂိမ်းလောကကို အသိအမှတ်ပြုတဲ့အနေနဲ့ Ninja နဲ့ယခုလို လက်တွဲခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူတို့အနေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဂိမ်မာပေါင်း ၂.၃ ဘီလျံကိုလည်း အသိအမှတ်ပြုထောက်ပံ့ပေးသွားဖို့ နည်းလမ်းတွေ ရှာဖွေနေဦးမှာဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။ Adidas ဟာ Esports အသင်းအချို့နဲ့စာချုပ်ချုပ်ဆိုထားပေမယ့် Ninja ကတော့ ပထမဦးဆုံးစာချုပ်ချုပ်ဆိုခြင်းခံရတဲ့ လူပုဂ္ဂိုလ်ဂိမ်းကစားသူပဲဖြစ်ပါတယ်။
Ninja ဟာ Adidas နဲ့လက်တွဲတဲ့အကြောင်းကို တရားဝင်မကြေညာခင်ကတည်းက Adidas Brand အဝတ်အစားတွေနဲ့ ပွဲတော်တော်များများကို တက်ခဲ့ပါသေးတယ်။ လူတွေသတိထားမိပြီး သိပ်မကြာခင်မှာပဲ သူဟာ Adidas နဲ့လက်တွဲလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ Twitter အကောင့်ကနေ ကြေညာခဲ့ပါတယ်။ Adidas နဲ့လက်တွဲလိုက်ပြီဆိုတော့ Ninja အမှတ်တံဆိပ်နဲ့ ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်သွားမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။
Written by Myo Thant Kyaw