အင်ဒိုနီးရှားနိုင်ငံ တာနိတ်ကျွန်း (Ternate) အနောက်မြောက်ဘက် ၈၃ မိုင်ခန့်အကွာ မိုလူကာပင်လယ်ပြင် (Molucca Sea) မှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

(အင်ဒိုနီးရှားနိုင်ငံ တာနိတ်ကျွန်းမြင်ကွင်းတစ်ခု) (Photo: Wikipedia)
ကြာသတေးနေ့ (နိုဝင်ဘာ ၁၄ ရက်) ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၈ မိနစ်က ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ပစိဖိတ်ဆူနာမီသတိပေးဌာနက ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်မှ ၁၈၆ မိုင်အတွင်း ကမ်းရိုးတန်းဒေသအားလုံးအတွက် ဆူနာမီရေလှိုင်း သတိပေးချက်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားရှိ ကျွန်းအများအပြားကို ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ သတိပြုနေထိုင်ကြရန်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေထံမှ ညွန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။
(Photo: Reuters)
ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား မိုးလေဝသဌာနကလည်း ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ဟာ တာနိတ်နဲ့ ဆူလာဝေစီ ကျွန်းနှစ်ခုကြား မြေအာက်အနက် ၃၉ မိုင်ခန့်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုငလျင် လှုပ်ခတ်ခဲ့တဲ့ နေရာမှာပင် ဇူလိုင်လအတွင်းကလည်း ရစ်ချ်တာစကေး ၆.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ထို့အတူ မတ်လအတွင်းကလည်း တာနိတ်ကျွန်းမှာ ရစ်ချ်တာစကေး ၆.၃ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း RT သတင်းက ဖော်ပြထားပါတယ်။
(Map: USGS)
ထပ်မံသိရှိရတဲ့ သတင်းအရ ရစ်ချ်တာစကေး ၄.၈ မှ ၅.၈ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်များ လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ပြီးနောက် ဘီတောင်းနဲ့ တာနိတ်ကျွန်းတို့မှာ သေးငယ်တဲ့ ရေလှိုင်းတက်ရောက်မှုရှိခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ ဆူနာမီရေလှိုင်း သတိပေးချက်ကို တစ်နာရီအကြာမှာ ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြောင့် လူနှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။