အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းပေါ်ရှိ အာချေးပြည်နယ်မှာ ရစ်ချ်တာစကေး ၆.၂ အဆင့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် US Geological Survey (USGS) က ဖော်ပြထားပါတယ်။
(Map: BMKG)
အင်ဒိုနီးရှား မိုးလေဝသနဲ့ ဘူမိရူပဗေဒဌာနကတော့ အာချေးမှာ ယနေ့ (ဇန်နဝါရီ ၇ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းက လှုပ်ခတ်သွားတဲ့ ငလျင်ဟာ ပြင်းအားအဆင့် ၆.၄ ဖြစ်ကြောင်းနဲ့ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ဖွယ်မရှိကြောင်း Twitter မှာ ပြောခဲ့ပါတယ်။ လက်ရှိအချိန်အထိ ငလျင်ကြောင့် အပျက်အစီးဖြစ်ပေါ်မှုနဲ့ သေဆုံးဒဏ်ရာရမှု သတင်းတွေမရှိသေးဘူးလို့ ဆိုပါတယ်။
(Map: USGS)
ငလျင်ဟာ အာချေးပြည်နယ် Sinabang မြို့မှ အနောက်တောင်ဘက် ၁၅ မိုင်အကွာမှာ ဗဟိုပြုပြီး ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅ မိနစ်မှာ လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှား မိုးလေဝသနဲ့ ဘူမိရူပဗေဒဌာနက Twitter မှာ ဖော်ပြပါတယ်။ အဆိုပါငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် အနည်းဆုံး တစ်ကြိမ်လှုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်မှုကို Medan မြို့မှာ သိသာစွာ ခံစားသိရှိခဲ့ရပြီး မြောက်ပိုင်းဆူမာတြားပြည်နယ်နဲ့ Nias ကျွန်းမှာလည်း သိရှိခဲ့ရကြောင်း သက်ဆိုင်ရာဌာနက ပြောပါတယ်။ မလေးရှားမိုးလေဝသဌာနက ထုတ်ပြန်ချက်အရ ငလျင်လှုပ်မှုကို Penang တစ်ဝိုက်မှာ ခံစားသိရှိခဲ့ရကြောင်းနဲ့ မလေးရှားကို ဦးတည်နိုင်တဲ့ ဆူနာမီရေလှိုင်အန္တရာယ် မရှိကြောင်း သိရပါတယ်။
(၂၀၀၄ ခုနှစ်က အာချေးမှာ ငလျင်လှုပ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့စဥ်) (Photo: AFP/Antara News Agency)
အာချေးပြည်နယ်မှာ မကြာသေးမီက ဒီဇင်ဘာ ၂၆ ရက် ငလျင်ကြီးနဲ့ ဆူနာမီရေလှိုင်း သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့ရမှု ၁၅ နှစ်ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က အိန္ဒိယသမုဒ္ဒရာမှာ ရစ်ချ်တာစကေး ၉.၁ အဆင့်ရှိ အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ၅၇ ပေအထိမြင့်တဲ့ ဆူနာမီရေလှိုင်းများ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းအာချေးပြည်နယ်နဲ့ အခြားနေရာများ အပါအဝင် ဒေသတွင်း ကမ်းရိုးတမ်းတစ်လျှောက် တက်ရောက်ရိုက်ခတ်ခဲ့ပါတယ်။
(၂၀၀၄ ခုနှစ်က အာချေးမှာ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ခံခဲ့စဥ်) (Photo: AFP/Antara News Agency)
အဆိုပါ ငလျင်ကြီးနဲ့ ဆူနာမီရေလှိုင်းတွေကြောင့် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာ၊ မော်လ်ဒိုက်၊ ဆိုမာလီယာ အပါအဝင် နိုင်ငံပေါင်း ၁၄ ခုထက်မနည်းမှာ လူဦးရေ ၂၃၀,၀၀၀ သေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းအာချေးပြည်နယ်မှာ ငလျင်ကြီးနဲ့ ဆူနာမီရေလှိုင်းဒဏ်ကို အဓိက ကြုံတွေ့ခဲ့ရပြီး ထိုနေရာတစ်ခုတည်းမှာပင် လူပေါင်း ၁၂၈,၈၅၈ ဦး သေဆုံးခဲ့ကြောင်း အစိုးရနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ စာရင်းအချက်အလက်များအရ သိရှိရပါတယ်။
ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ ရစ်ချ်တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ပြီး အဖျက်စွမ်းအားကြီးတဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။