အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးခဲ့သူအရေအတွက် ၁၀၀ ကျော်အထိ မြင့်တက်လာကြောင်းနဲ့ နောက်ထပ် လူအများအပြားလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ယနေ့ (မတ်လ ၂၀ ရက်) ပြောပါတယ်။
(Photo: Reuters)
အင်ဒိုနီးရှားအရှေ့ဘက်စွန်း ပါပူအာ ( (Papua) ပြည်နယ်မှာ မတ်လ ၁၆ ရက် ညပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးမြေပြိုမှုများကြောင့် လူ ၁၀၄ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၇၉ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ရေကြီးမြေပြိုမှု ဖြစ်ပေါ်ခဲ့တဲ့ နေရာဒေသမှ လူဦးရေ ၁၀,၀၀၀ နီးပါးကို ယာယီ ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့သူတွေအနက် မည်သူမှန်းမသိရတဲ့ ရုပ်အလောင်း ၄၀ ခန့်ကို ကြာသပတေးနေ့ (မတ်လ ၂၁ ရက်) မှာ စုပေါင်းမြှုပ်နှံသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
(Photo: Reuters)
ရာနဲ့ချီတဲ့ နေအိမ်များ၊ တံတားများနဲ့ ကျောင်းများနဲ့ အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံများ ရေကြီးမြေပြိုမှုတွေကြောင့် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေရန်နဲ့ အပျက်အစီးများ ရှင်းလင်းရန်အတွက် သက်ဆိုင်ရာ အမှုထမ်း ၂,၃၀၀ ဖြင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ မိုးရာသီကာလဖြစ်တဲ့ အောက်တိုဘာမှ ဧပြီလအတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
(Photo: Reuters)
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဆူလာဝေစီကျွန်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ ယခုလ အစောပိုင်းကလည်း အနောက်ဂျာဗားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီပြီး ရွှေ့ပြောင်းခဲ့ရကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။