• အင်ဒိုနီးရှား ကူးတို့သင်္ဘောမီးလောင်မှု လူ ၃၀ ပျောက်ဆုံးနေ

ကူးတို့သင်္ဘောပေါ်မှာ လူ ၂၇၇ ဦး လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း ကမ်းလွန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကူးတို့သင်္ဘောမှ ပျောက်ဆုံးနေသူ ၃၀ ဦးကို ကယ်ဆယ်ရေးသမားတွေက ယနေ့ (သြဂုတ် ၂၃ ရက်) ရှာဖွေနေကြပါတယ်။

image

(KM Santika Nusantara ကူးတို့သင်္ဘော မီးလောင်နေမှု) (Photo: Istimewa)

KM Santika Nusantara ကူးတို့သင်္ဘောဟာ အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာနဲ့ ဘော်နီယိုကျွန်းပေါ်ရှိ ဘလစ်ခ်ပါပန်မြို့ငယ်ကြား ခုတ်မောင်းသွားနေစဉ် ကြာသပတေးနေ့ (သြဂုတ် ၂၂ ရက်) ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ အဆိုပါ ကူးတို့သင်္ဘောပေါ်မှာ လူ ၂၇၇ ဦး လိုက်ပါသွားခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Syahrul Nugroho က ရုပ်မြင်သံကြားသတင်းဌာန TV One ကို ပြောပါတယ်။ "လူ ၂၄၅ ယောက်လောက်ကို စက်တပ်လှေငယ်တွေသုံးပြီး ကူးတို့သင်္ဘောပေါ်ကနေ ရွှေ့ပြောင်းပေးခဲ့ပါတယ်၊ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၃၀ ပျောက်ဆုံးနေပါတယ်" လို့ ၎င်းကဆိုပါတယ်။

(အင်ဒိုကူးတို့သင်္ဘောတစ်စီးမှာ လိုက်ပါမည့်သူများကို တွေ့ရစဉ်) (Photo: AFP)

ကူးတို့သင်္ဘောပေါ်မှာ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အသေးစိတ် ထုတ်ဖော်ပြောခြင်း မရှိသေးကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ကူးတို့သင်္ဘောမှာ လိုက်ပါတဲ့ခရီးသည် အရေအတွက်ကို ၁၁၁ ဦးအဖြစ် တရားဝင် စာရင်းမှာဖော်ပြထားခဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ရှုပ်ထွေးခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကျွန်းပေါင်း ၁၇,၀၀၀ ခန့်ရှိတဲ့ အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘောတွေက သယ်ယူပို့ဆောင်ရေးမှာ အရေးပါပြီး ပယ်လယ်ရေလမ်းမှ ခရီးသွားလာမှုတွေက လေကြောင်းခရီးစဉ်ထက် ဈေးသက်သာတာကြောင့်လည်း အများစုက ရေလမ်းခရီးကိုသာ အသုံးပြုကြပါတယ်။

(သြဂုတ် ၁၇ ရက်က မီးလောင်မှုဖြစ်ခဲ့သည့် ကူးတို့သင်္ဘော) (Photo: AFP)

သို့သော် ပင်လယ်ရေလမ်းခရီး ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတွေကို လိုက်နာမှုနဲ့ အရေးယူဆောင်ရွက်မှုပိုင်း အားနည်းချက်တွေကြောင့် မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ သြဂုတ် ၁၇ ရက်နေ့ မနက်အစောပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ကမ်းလွန်မှာ ကူးတို့သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦး အပါအဝင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က