အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ကမ်းလွန်မှာ ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

ဆူလာဝေစီကျွန်း ကမ်းလွန်မှာ ယနေ့ (ဧပြီ ၁၁ ရက်) ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား Geophysical Agency က ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဆူနာမီသတိပေးချက်ကို ထုတ်ပြန်အပြီး မိနစ် ၄၀ အကြာမှာ Geophysical Agency က ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းလည်း သိရပါတယ်။ ငလျင်ဟာ ဆူလာဝေစီကျွန်းရှိ ဂိုရွန်တာလိုပြည်နယ် တောင်ဘက် ၁၇၄ မိုင်အကွာ မြေအောက်အနက် ၂၇ မိုင်မှာ လှုပ်ခတ်ခဲ့တယ်လို့ USGS (United States Geological Survey) ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

(ဒေသခံများ ရွှေ့ပြောင်းရန်ပြင်ဆင်နေကြစဉ်) (Photo: Twitter/@bluevn22)
ငလျင်လှုပ်ပြီးနောက် မိုရိုဝါလီဒေသရှိ ကမ်းရိုးတန်တစ်လျှောက် ဆူနာမီရေလှိုင်း သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေကို ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် သေဆုံးဒဏ်ရာရမှု သတင်းတွေမကြားရသေးပါဘူး။ သို့သော် USGS ဝက်ဘ်ဆိုက်ကတော့ ယခု ငလျင်ကြောင့် ဆောက်လုပ်မှုအရည်အသွေး ညံ့ဖျင်းတဲ့ အဆောက်အအုံများ ပျက်စီးနိုင်ကြောင်း ပြောထားပါတယ်။
(Map: USGS)
အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်း (Ring of Fire) နေရာမှာ တည်ရှိနေတာကြောင့် ငလျင်လှုပ်မှု၊ မီးတောင်ပေါက်ကွဲမှုနဲ့ ဆူနာမီရေလှိုင်းတက်ရောက်မှု အန္တရာယ်တွေရှိနေပါတယ်။ ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း အင်ဒိုနီးရှားအလယ်ပိုင်း ဆူလာဝေစီကျွန်းမှာ ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းဒေသရှိ ပါလူမြို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း လူ ၂,၀၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
(ဒေသခံများ ရွှေ့ပြောင်းရန်ပြင်ဆင်နေကြစဉ်) (Photo: Twitter/@bluevn22)
ယမန်နှစ် ဒီဇင်ဘာ ၂၂ ရက်ကလည်း မီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် ဆူမာတြားကျွန်းနဲ့ ဂျာဗားကျွန်းကြားရှိ ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းနေရာတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၂၀၀၄ ခုနှစ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းများ ဆက်တိုက်တက်ရောက်ခဲ့မှုကြောင့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ လူဦးရေ ၂၂၈,၀၀၀ ခန့် သေဆုံးခဲ့ပြီး အင်ဒိုနီးရှားမှာ သေဆုံးသူအများဆုံး ဖြစ်ခဲ့ပါတယ်။