အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်စွန်းရှိ ပါပူအာပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် လူ ၅၈ ဦးထက်မနည်း သေဆုံးပြီး အခြား လူဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ဒေသခံ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (မတ်လ ၁၇ ရက်) ပြောပါတယ်။
(Photo: @binman_resjypr/Twitter)
ပါပူအာ ( (Papua) ပြည်နယ်မြို့တော် ဂျာယာပူရာမြို့အနီးရှိ ဆန်တာနီ (Sentani) ဒေသမှာ စနေနေ့ (မတ်လ ၁၆ ရက်) ညပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ကိုရီဆမ်ဘိုလွန်က ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အနည်းဆုံး နေအိမ် ၉ လုံးနဲ့ တံတားနှစ်စင်း ပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရေကြီးမှုဖြစ်တဲ့ နေရာဒေသအားလုံးကို မရောက်ရှိနိုင်သေးကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောပါတယ်။
(Photo: @binmas_resjypr/Twitter)
"ရေတွေကတော့ ပြန်ကျသွားပြီး ရွှံ့နွံတွေ၊ သစ်ကိုင်းတွေနဲ့ ရုတ်တရက် ရေကြီးမှုထဲမှာ ပါလာခဲ့တဲ့ တခြား ပစ္စည်းတွေ ကျန်နေခဲ့တယ်" လို့ နူဂရိုဟိုက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ရေကြီးမှုကြောင့် နေအိမ်စွန့်ခွာခဲ့ရတဲ့ ဒေသခံ ၄,၀၀၀ ကျော်ကို ယာယီခိုလှုံနိုင်ရန်အတွက် အစိုးရရုံးများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။ ရဘေးသင့်သူတွေကို ကြက်ခြေနီအဖွဲ့နဲ့ စေတနာ့ဝန်ထမ်းတွေက ကူညီရွှေ့ပြောင်းခဲ့ပေးခဲ့ကြပါတယ်။
(Photo: People's Daily China)
"ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရေကြီးခဲ့တဲ့ တခြား နေရာတွေကို ရောက်ရှိနိုင်အောင် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်၊ သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုက မြင့်တက်လာနိုင်ပါတယ်" လို့လည်း နူဂရိုဟိုက ဖြည့်စွက်ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ မိုးရာသီကာလဖြစ်တဲ့ အောက်တိုဘာမှ ဧပြီလအတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်လေ့ရှိကြောင်း သိရပါတယ်။
(Photo: EPA)
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဆူလာဝေစီကျွန်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ ယခုလ အစောပိုင်းကလည်း အနောက်ဂျာဗားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီပြီး ရွှေ့ပြောင်းခဲ့ရကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။
နောက်ဆက်တွဲ သတင်းတွေအရ ပါပူအာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြောင့် သဆေုံးသူအရေအတွက် ၇၇ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။