တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ မှာ ရပ်တည်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၇-၂ နဲ့ အပြတ်အသတ်အနိုင်ယူခြင်းခံခဲ့ရပါတယ်။
တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကွင်းလယ်ကြယ်ပွင့် ဒယ်လီအလီကို အသင်းအနေနဲ့ ရောင်းမထုတ်ဘူးဆိုရင် အသင်းကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ Don Balon ရဲ့ဖော်ပြချက်အရ သိရပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ အသင်းသားအချင်းချင်း စိတ်ဝမ်းကွဲနေကြတယ်လို့ သိရပြီး နည်းပြပိုချက်တီနိုကလည်း ရီးရဲမက်ဒရစ်နည်းပြသစ် ဖြစ်လာဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ဟယ်ရီကိန်းက အသင်းအနေနဲ့ ဘယ်ကစားသမားကို ရောင်းချသင့်တယ် သို့မဟုတ် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘယ်ကစားသမားကို ခေါ်ယူရမယ်ဆိုတာကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင် ဟယ်ရီကိန်းဟာ အသင်းဖော် ဒယ်လီအလီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပြီး ဘိုင်ယန်မြူးနစ်အသင်းကို ၇-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း ၎င်းတို့ ၂ ဦးဟာ အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။
ဒါကြောင့် ဟယ်ရီကိန်းဟာ ၎င်းရဲ့အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဒယ်လီအလီကို ရောင်းထုတ်ပစ်ဖို့ အသင်းဘုတ်အဖွဲ့ကို တောင်းဆိုခဲ့ပြီး တောင်းဆိုထားတဲ့အတိုင်း ဆောင်ရွက်မပေးဘူးဆိုရင် အသင်းကနေ ဟယ်ရီကိန်းထွက်ခွာသွားမှာကို စပါးအသင်းက ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။