• Featured

    အောင်သူသွားချင်ရင် ပီတီပရာချတ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဒေါက်တာစိုင်း ခွင့်ပြုမယ်

မနှစ်ကလည်း ကမ်းလှမ်းဖူးတယ်လို့ သိရပါတယ်။

ပီတီပရာချတ်အသင်းက တစ်လလုပ်ခ အမေရိကန်ဒေါ်လာ ၈၀၀၀ နဲ့ အများဆုံး ၁၀၀၀၀ ထိ ပေးပြီး ကမ်းလှမ်း ထားတာလို့ သိရပါတယ်။

image

ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကို ထိုင်းလိဂ်-၁ကလပ် ပီတီ ပရာချတ်အသင်းက အနိမ့်ဆုံးလစာ အမေရိကန်ဒေါ်လာ ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား‌‌ပေးပြီးခေါ်ယူနိုင်ရေး နှုတ်အားဖြင့် ကမ်းလှမ်းထားတယ် လို့ မြန်မာစပယ်ရှယ် အေးဂျင့် ကိုရဲနိုင်ဝင်းက DuwunSportsကို ပြောပါတယ်။

“ကျွန်တော်တို့ ရတနာပုံ အသင်းတာဝန်ရှိသူတစ်ဦးကို ပရာချတ်အသင်းရဲ့ ကမ်းလှမ်းမှုကို နှုတ်အားဖြင့် တရားဝင် ပြောခဲ့ပါတယ်။ အသင်းဖက်က သဘောတူမယ်ဆိုရင် လိုချင်တဲ့ အချက်အလက်တွေ လုပ်‌ဆောင်ပြီး တရားဝင် စာနဲ့ ကမ်းလှမ်းဖို့အထိ စောင့်ခဲ့ပေမယ့် အသင်းဖက်က အကြောင်းပြန်ခဲ့ခြင်းတော့ မရှိပါဘူး။”လို့ ကိုရဲနိုင်ဝင်းက ပြောပါတယ်။

အောင်သူရဲ့ မန်နေဂျာအဖြစ် လုပ်ဆောင်ပေးနေတဲ့ အကိုတော်စပ်သူကလည်း ရတနာပုံ အသင်း ပိုင်ရှင် ဒေါက်တာစိုင်းရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမှာပါလို့ ပြန်ဖြေထားတယ် လို့ ကိုရဲနိုင်ဝင်းက ဆက်လက်ပြောပါတယ်။

DuwunSports အနေနဲ့ ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ -“အောင် သူကို ပရာချတ်အသင်း ကမ်းလှမ်းတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ သူကောင်းမွန်ဖို့ ဆိုရင် ခွင့်ပြုပေးသွားမှာပါ။သူ့အနေနဲ့ အခု ပရာချတ်အသင်းမှာ သွားကစားချင်တယ်ဆိုရင်လည်း သူ အဆင်ပြေမယ်ဆိုရင် ခွင့်ပြုပေးသွားမှာပါ။”လို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

အခု အောင်သူကို ကမ်းလှမ်းတဲ့ ပရာချတ်အသင်းက မနှစ်ကလည်း အောင်သူကို ကမ်းလှမ်းခဲ့ပြီး အောင်သူက မြောင်တောင်အသင်းကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဂ်ရဲ့ စျေးကွက်က လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ရှိနေသေးတာကြောင့် အောင်သူအနေနဲ့ ထိုင်းလိဂ်-၁ ကလပ် ပရာချတ်အသင်းကို ရောက်ရှိသွားမလား ရတနာပုံအသင်းမှာပဲ ဆက် ကစားမလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က