လီဗာပူးလ်ထက် တစ်ပွဲပိုကစားထားပြီးချိန်မှာ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ မန်စီးတီးက အဆင့် (၁)နေရာကို ယာယီသိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အဲဗာတန် နဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)မှာ မန်စီးတီးက အဝေးကွင်းမှာ (၂-ဝ)နဲ့ အဲဗာတန်ကို အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုးတွေကို (၄၅)မိနစ်မှာ နောက်ခံလူ လာပေါ့တ် နဲ့ (၉၀)မိနစ်မှာ တိုက်စစ်မှူး ဂျီးဆပ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးကန်သွင်းချက်တွေ ဂိုးပေါက်တည့်ခဲ့မှုတဆင့် သွင်းဂိုး (၁၅)ဂိုးအထိ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်က ဘယ်အသင်းမဆို (၆)ကြိမ် ပိုမိုများများနေခဲ့တယ်လို့လည်း မှတ်တမ်းများအရ သိရပါတယ်။
ပထမပိုင်းမှာပဲ မန်စီးတီးက အဲဗာတန်ကို အပြတ်အသတ်အသာစီးရယူနိုင်ခဲ့ပြီး စုစုပေါင်း ကန်သွင်းခွင့် (၇)ကြိမ်၊ ပေးပို့မှုမှန်ကန်တာက (၈၈)%အထိ ရှိခဲ့ပြီး အခွင့်အရေးဖန်တီးပေးမှု (၅)ကြိမ် ရှိခဲ့ကာ ဘောလုံးပိုင်ဆိုင်မှုက (၆၈)% အထိ ရှိခဲ့ပါတယ်။ ဒါဟာ အရေးကြီးပွဲစဉ်မှာ မန်စီးတီးက ပြိုင်ဘက်ကို စနစ်တကျနဲ့ ကစားခဲ့ပြီး အမှတ်ပေးဖလားအတွက် အာရုံစိုက်ခဲ့တယ်ဆိုတာကို သိသာစေခဲ့ပါတယ်။
လီဗာပူးလ်ကတော့ ဒီတစ်ပတ်မှာ ဘုန်းမောက်ကို အိမ်ကွင်းအန်ဖီးလ်မှာ ကစားရမှာဖြစ်ပြီး အနိုင်ရရှိမှသာ မန်စီးတီးကို (၃)မှတ်ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ နိုင်ပွဲရရှိသွားမှုက လီဗာပူးလ်အတွက် ဖိအားတစ်ခုအဖြစ် ရှိလာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဆုဖလားအတွက် သူတို့နှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကလည်း အားအကောင်းဆုံးအနေအထားကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။