ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့သမီးဖြစ်သူ ဆိုဖီယာအေဘရာမိုဗစ်ချ်က ရုရှားသမ္မတ ပူတင်ရဲ့ ယူကရိန်းအပေါ် ဆင်နွှဲတဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် အသိပေးခဲ့ပါတယ်။ ပူတင်ဟာ မနေ့ကစတင်ပြီး ယူကရိန်းနိုင်ငံအတွင်းကို အထူးစစ်ဆင်ရေးတရပ် ဆင်နွှဲနေကာ ဒီအပေါ်မှာ ဆန့်ကျင်သူ အများအပြားရှိနေပါတယ်။

ယူကရိန်းသမ္မတကိုယ်တိုင်က မြို့တော်ကိဗ်မှာ အထိုင်ချပြီး ရုရှားရဲ့ကျူးကျော်မှုကို တွန်းလှန်နေသလို နိုင်ငံအတွင်းမှာရှိတဲ့ ယောက်ျားလေးတွေကလည်း ရုရှားကို တွန်းလှန်ဖို့ ယူကရိန်းစစ်တပ်ထဲကို ဝင်ရောက်လျက်ရှိပါတယ်။ ပူတင်ရဲ့လုပ်ရပ်အပေါ် တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားပြည်သူတွေကိုယ်တိုင်တောင်မှ ဒီစစ်ပွဲကို ဆန့်ကျင်တယ်ဆိုကာ ရုရှားနိုင်ငံအတွင်းက မြို့တော်တွေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ရုရှားရဲတွေက ဒီဆန္ဒပြပြည်သူတွေကို ချက်ချင်းဆိုသလို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဆန္ဒပြပြည်သူပေါင်း အနည်းဆုံးရာဂဏန်း ဖမ်းဆီးခံထားရပါတယ်။ ရုရှားရဲ့လုပ်ရပ်အပေါ် အကြီးအကျယ် ပေါက်ကွဲနေတဲ့ ဗြိတိန်ကလည်း ဒေသတွင်းမှာရှိတဲ့ ရုရှားသူဌေးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ အဆိုပြုမှုတွေရှိနေပါတယ်။
ဒီအထဲမှာ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်လည်း မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေပြီး ဘာဖြစ်သွားမယ်မှန်းမသိတဲ့ အနေအထားတရပ်ကို ရောက်ရှိနေတာပါ။ ဒီလိုအချိန်မျိုးမှာပဲ အေဘရာမိုဗစ်ချ်ရဲ့ သမီးကိုယ်တိုင်က အခုလိုမျိုး မိခင်မြေ ရုရှားရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
ဆိုဖီယာက “ရုရှားက ယူကရိန်းနဲ့စစ်တိုက်ချင်တယ်ဆိုတာ မဟုတ်ဘူး၊ ပူတင်ကသာ ယူကရိန်းနဲ့ စစ်တိုက်ချင်နေတာ၊ ကရင်မလင်နန်းတော်က အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး အလိမ်အညာကတော့ ရုရှားလူမျိုးအများစုက ပူတင်နဲ့အတူရှိနေတယ်ဆိုတာပါပဲ” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။
အေဘရာမိုဗစ်ချ်နဲ့ ပူတင်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိခဲ့ကြပြီး အခု ဆိုဖီယာရဲ့ ဆန့်ကျင်မှုက အေဘရာမိုဗစ်ချ်အတွက်တော့ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။