အမေရိကန်အစိုးရက ဆုငွေထုတ်ထားခဲ့တဲ့ ထွက်ပြေးတိမ်းရှောင်နေသူ တာလီဘန်ခေါင်းဆောင် မူလာမိုဟမ်မက်အိုမာက အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းနဲ့ လမ်းလျှောက်သွားနိုင်တဲ့ အကွာအဝေးမှာ နေထိုင်သွားခဲ့ခြင်းဖြစ်တယ်လို့ အသစ်ထွက်ရှိလာတဲ့ စာအုပ်တစ်အုပ်မှာ ရေးသားထားပါတယ်။
(၁၉၉၆ ခုနှစ်မှာ BBC က လျှို့ဝှက်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှာတွေ့ရသည့် အိုမာ) (Photo: BBC)
စာရေးသူ ဘက်တီဒမ် (Bette Dam) ရဲ့ 'The Secret Life of Mullah Omar' အမည်ရှိ စာအုပ်မှာ ရေးသားထားမှုအရ တာလီဘန်ခေါင်းဆောင်ဟာ အမေရိကန်ထောက်လှမ်းရေးက ယုံကြည်ခဲ့သလို ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေထိုင်ခဲ့တာ မဟုတ်ဘူးလို့ သိရပါတယ်။
တစ်ကယ်တမ်းမှာတော့ တာလီဘန်ခေါင်းဆောင် အိုမာက အာဖဂန်နစ္စတန်နိုင်ငံ ဇဘူးလ်ပြည်နယ်ရှိ အမေရိကန် ရှေ့တန်းစစ်ဆင်ရေး အခြေစိုက်စခန်းမှ သုံးမိုင်အကွာနေရာမှာ ပုန်းအောင်နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇဘူးလ်ပြည်နယ်ဟာ မူလာအိုမာရဲ့ မွေးရပ်လည်းဖြစ်ကြောင်း BBC သတင်းက ပြောပါတယ်။
(၁၉၇၈ ခုနှစ်မှာ တွေ့ရသည့် အိုမာ၏ဓာတ်ပုံ) (Photo: Taliban)
ဒတ်ချ်ဂျာနယ်လစ် ဘက်တီဒမ်က သူမရဲ့ စာအုပ်အတွက် လေ့လာသုတေသနပြုမှု၊ တာလီဘန်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတို့ကို ငါးနှစ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ သူမဟာ ၂၀၀၁ ခုနှစ်မှာ တာလီဘန်တို့ကို တိုက်ထုတ်ခဲ့ပြီးနောက် အိုမာ ပုန်းအောင်းသွားခဲ့စဉ်မှာ ၎င်းရဲ့ သက်တောင်စောင့်အဖြစ် တာဝန်ယူခဲ့သူ ဂျက်ဘာအွမ်မရီနဲ့ စကားပြောနိုင်ခဲ့ပါတယ်။
တာလီဘန်ခေါင်းဆောင် အိုမာဟာ ၂၀၁၃ ခုနှစ်မှာ နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားချိန်အထိ ၎င်းကို ရှာမတွေ့နိုင်အောင် ပုန်းအောင်းနေထိုင်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်စု ပြိုလဲခဲ့ပြီးနောက် အိုမာက အာဖန်နစ္စတန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းအနီး နေအိမ်တစ်အိမ်အတွင်း လျှို့ဝှက်အခန်းတွေထဲမှာ ပုန်းအောင်းနေထိုင်ခဲ့တယ်လို့ စာအုပ်မှာရေးသားထားပါတယ်။
(မူလာမိုဟမ်မက်အိုမာ) (Photo: RFERL)
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရက အိုမာကို ဒေါ်လာ ၁၀ သန်း ဆုငွေထုတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေက အိုမာ ပုန်းအောင်နေထိုင်တဲ့ နေအိမ်ကိုပင် တစ်ကြိမ် လာရောက်ရှာဖွေခဲ့ဖူးပေမဲ့ ၎င်း ပုန်းအောင်းနေတဲ့ နေရာကိုတော့ မတွေ့ခဲ့ကြဘူးလို့ 'The Secret Life of Mullah Omar' စာအုပ်မှာ ရေးထားပါတယ်။
နောက်ပိုင်းမှာတော့ အိုမာက အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ တပ်စွဲထားတဲ့ နောက်ထပ် စစ်အခြေစိုက်စခန်းတစ်ခုနဲ့ သုံးမိုင်မျှသာဝေးတဲ့ ဒုတိယ အဆောက်အအုံသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း သိရပါတယ်။ အိုမာဟာ ၎င်းနဲ့ပတ်သက်တဲ့ သတင်းတွေကို BBC ရဲ့ Pashto ဘာသာစကားဖြင့် ထုတ်လွှင့်နေတဲ့ အစီအစဉ်ကနေ ကြားသိနေခဲ့တယ်လို့လည်း စာအုပ်ရေးသားသူ ဘက်တီဒမ်က ပြောခဲ့ပါတယ်။
(စာအုပ်ရေးသားသူ ဘက်တီဒမ်) (Photo: Pim Ras Fotografie)
အိုမာဟာ ပုန်းအောင်းနေရာက တာလီဘန်အုပ်စုကို စီစဉ်ညွန်ကြားမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်သွေးကြွတွေက ပြောဆိုမှုတွေရှိပေမဲ့ အမှန်တစ်ကယ်မှာ ထိုသို့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။ သို့သော် ပင်လယ်ကွေ့ဒေသရှိ ကာတာနိုင်ငံမှာ တာလီဘန်ရုံးခန်းဖွင့်လှစ်မယ့် အစီအစဉ်ကို အိုမာက အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
ကာလရှည်ကြာ ဖြစ်ပွားနေခဲ့တဲ့ အာဖဂန်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အဆိုပါ ရုံးခန်းမှာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တာလီဘန်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။ ဘက်တီဒမ်ရဲ့ 'The Secret Life of Mullah Omar' စာအုပ်ကို ပြီးခဲ့တဲလက ဒတ်ချ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး မကြာမီ အင်္ဂလိပ်ဘာသာဖြင့် ထွက်ရှိလာမယ်လို့ သိရပါတယ်။
(Image: The Secret Life of Mullah Omar book)
အဆိုပါ စာအုပ်ကိုရေးသားခဲ့တဲ့ ဘက်တီဒမ်ဟာ လက်ရှိမှာ အသက် ၄၀ နှစ်အရွယ်ဖြစ်ပြီး သူမက အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီရီးယားကဲ့သို့ နေရာဒေသတွေမှာ ဂျာနယ်လစ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၂၉ နှစ်အရွယ် ၂၀၀၉ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံအကြောင်း ရေးသားထားတဲ့ Expedition Uruzgan အမည်ရှိ စာအုပ်ကို ပထဆုံး ရေးသားထုတ်ဝေခဲ့ပါတယ်။
The Secret Life of Mullah Omar စာအုပ်ထဲမှာ အဓိက အချက်အလက်အချို့
- အိုမာက တာလီဘန်အဖွဲ့ကို အုပ်ချုပ်ရန်အတွက် ၎င်းရဲ့ ကာကွယ်ရေးဝန်ကြီး မူလာအိုဘိုင်ဒူလာကို တာဝန်လွှဲပေးကြောင်း ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
- အိုမာက အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့ဝင် ၁,၀၀၀ တပ်စွဲထားတဲ့ Forward Operating Base Wolverine ရှေ့တန်းစစ်မျက်နှာ စစ်အခြေစိုက်စခန်းမှ သုံးမိုင်အကွာမှာ ပုန်းအောင်နေထိုင်ခဲ့ပါတယ်။ ထိုစစ်အခြေစိုက်စခန်းမှာ အမေရိကန် Navy Seals နဲ့ ဗြိတိန် SAS တပ်ဖွဲ့တွေလည်း တစ်ခါတစ်ရံ တပ်စွဲထားလေ့ရှိပါတယ်။
- မူလာအိုမာဟာ တစ်ခါတစ်ရံ ၎င်းကို ရှာမတွေ့နိုင်ရန် ဥမင်လှိုဏ်ခေါင်းများအတွင်း ပုန်းအောင်နေထိုင်လေ့ရှိပါတယ်။
- ၎င်းဟာ တစ်ဦးတည်း နေထိုင်ခဲ့ပြီး နောက်ဆုံးမှာ ၎င်းရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။
- အိုမာဟာ ၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက်မှာ ကွယ်လွန်ခဲ့ပြီး ထူးခြားသိသာခြင်းမရှိတဲ့ သင်္ချိုင်းမြေပုံမှာ ၎င်းကို မြှူပ်နှံခဲ့ပါတယ်။
Share