အမေရိကန်အလယ်ပိုင်းတစ်လျှောက်ရှိ ပြည်နယ်တွေမှာ နှင်းထုအရည်ပျော်ကျမှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် စံချိန်တင်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူသုံးဦး သေဆုံးကာ လူပေါင်းထောင်နဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။
(Photo: Reuters)
သေဆုံးခဲ့သူတွေအနက် အမျိုးသားတစ်ဦးဟာ အေးခဲနေတဲ့ ရေကြီးမှုအတွင်း လူတွေကို ကယ်ဆယ်ရန်ကြိုးပမ်းခဲ့စဉ် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်အလယ်ပိုင်းတစ်လျှောက်ရှိ ပြည်နယ်ငါးခုထက်မနည်းမှာ စံချိန်တင်ရေကြီးမှု ကြုံနေရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ BBC သတင်းမှ ဖော်ပြပါတယ်။
ရေကြီးမှုဖြစ်နေတဲ့ နေရာအချို့ဟာ အကူအညီမရနိုင်ဘဲ ဆက်သွယ်ရေးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ ယခု ရာသီဥတုဆိုးရွားမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်မှာ 'bomb cyclone' လို့ခေါ်ဝေါ်ကြတဲ့ ဆောင်းတွင်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: NEStatePatrol/Twitter)
ဟာရီကိန်းမုန်တိုင်းကဲ့သို့ဖြစ်ပြီး သိပ္ပံပညာရှင်တွေက 'bomb cyclone' လို့ ခေါ်ဝေါ်ကြတဲ့ ရာသီဥတုဖြစ်စဉ်ဟာ Rocky Mountains အနောက်ပိုင်းနဲ့ အမေရိကန် Central Plains တို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။
အဆိုပါ ရာသီဥတုဖြစ်စဉ်ကြောင့် နှင်းများကျခြင်းနဲ့ အေးခဲနေစဉ် မိုးသည်းထန်စွာရွာခြင်းတို့နဲ့အတူ သမိုင်းတစ်လျှောက် စံချိန်တင်ရေကြီးမှုကို အိုင်အိုဝါ၊ နီဘရာစကာ၊ ဝစ်ကွန်ဆင်၊ မင်နီဆိုတားနဲ့ တောင်ပိုင်းဒါကိုတာ ပြည်နယ်များရှိ လူဦးရေသန်းနဲ့ချီ ကြုံခဲ့ရပါတယ်။
(Photo: NWSOmaha/Twitter)
"ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ ပူနွေးတဲ့အခြေအနေနဲ့ မိုးရွာသွန်းမှုကြောင့် နှင်းထုကြီးများနဲ့ ရေခဲများ အရည်ပျော်ကျခဲ့ရာက ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်" လို့ ဝစ်ကွန်ဆင်ပြည်နယ် အုပ်ချုပ်ရေးမှူး Tony Evers က ပြောပါတယ်။
မစ်ဆူရီမြစ်ရေဟာ အိုင်အိုဝါနဲ့ နီဘရာစကာ အပါအဝင် နေရာအချို့မှာ စံချိန်တင်ပမာဏသို့ မြင့်တက်ရောက်ရှိခဲ့ပြီး ထိုပြည်နယ်နှစ်ခုမှာ ရေကြီးမှုအဆိုးဆုံး ကြုံခဲ့ရကြောင်း သိရပါတယ်။ အိုင်အိုဝါနဲ့ နီဘရာစကာပြည်နယ်မှာ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး အခြား နှစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။
(Photo: WHOTV/Twitter)
အိုင်အိုဝါပြည်နယ် အနောက်တောင်ပိုင်းမှာ အသက် ၅၂ နှစ်အရွယ် Rojas Galan အမည်ရှိ အမျိုးသားဟာ ကားအတွင်းရှိနေစဉ် ရေကြီးမှုနဲ့အတူ မျောပါသေဆုံးခဲ့ပါတယ်။ နီဘရာစကာပြည်နယ်မှာတော့ အသက် ၅၀ နှစ်အရွယ် James Wilke အမည်ရှိ အမျိုးသားဟာ တံတားတစ်စင်းပြိုကျမှုအတွင်း ယာဉ်မောင်းသူတွေကို ကူညီရန်ကြိုးပမ်းခဲ့စဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အမျိုးသားနှစ်ဦးလည်း ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။