ကျောက်တံတားမြို့နယ်မှာ အမေရိကန်ဒေါ်လာ အတုပြုလုပ်သူ ကင်မရွန်းနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၂ ရက်မှ သတင်းထုတ်ပြန်ပါတယ်။
Photo - ရဲဇာနည်
မဟာဗန္ဒုလ ပန်းခြံလမ်းမှာရှိတဲ့ ချမ်းမြေ့တည်းခိုခန်းမှာ ကင်မရွန်းနိုင်ငံသား Mr. Guillaume Nekndo Tchoungang ရဲ့ အခန်းမှာ အမေရိကန်ဒေါ်လာ ၁၀၀ တန်အတု ၃၄၇၁ ရွက်နဲ့ Mr. Charles Abe Etounit ရဲ့ အခန်းမှာ ဒေါ်လာအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၂၁ မျိုးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်လောက်က နိုင်ငံခြားသား ၂ ဦးက နိုင်ငံခြားငွေ အတုတွေ လက်ဝယ်ထားရှိသုံးစွဲနေတဲ့သတင်းအရ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒေါ်လာလက်ဝယ်တွေ့ရှိသူ Mr. Guillaume Nekndo Tchoungang နဲ့ Mr. Charles Abe Etounit (ဖမ်းမိ)တို့ကို ကျောက်တံတားမြို့မရဲစခန်းကနေ (ပ) ၁၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂ/၄၈၉-ဃ (လိမ်လည် အတုပြုလုပ်မှု/ အတုမှန်းသိလျက် သုံးစွဲမှု/ လက်ဝယ်ထားမှု/ အတုပြုလုပ်ဖို့ ပစ္စည်းကိရိယာတွေ လက်ဝယ်ထားမှု)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။