မြောက်ကိုရီးယားက နျူကလီးယားအရေး အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေး အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားဖွယ်ရှိပြီး ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ ပြန်လည်လုပ်ဆောင်ဖွယ်ရှိကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

(ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့် ဟနွိုင်းမှာ တွေ့ဆုံခဲ့ကြစဉ်) (Photo: Reuters)

မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Sun-hui က အမေရိကန်ဟာ ဗီယက်နမ်ထိပ်သီးဆွေးနွေးပွဲမှာ 'ရွှေရောင်အခွင့်အရေးတစ်ခု' ကို လွှင့်ပစ်ခဲ့တယ်လို့ နိုင်ငံခြားသံတမန်တွေကို ပြောခဲ့ပါတယ်။



ဗီယက်နမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးခဲ့စဉ် မြောက်ကိုရီးယားဘက်က နျူကလီးယားအစီအစဉ်ရဲ့ အဓိက နေရာတစ်ခုဖြစ်တဲ့ Yongbyon သုတေသနနဲ့ ထုတ်လုပ်ရေးစခန်းနေရာကို ဖျက်သိမ်းမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ဖျက်သိမ်းမှုအပေါ် အပြန်အလှန်အားဖြင့် အမေရိကန်ဘက်က အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရမှာဖြစ်ပါတယ်။

(မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး) (Photo: EPA)

သို့သော် မြောက်ကိုရီးယား အနေနဲ့ ၎င်းရဲ့ နျူကလီးယားနေရာအားလုံးကို ဖျက်သိမ်းခြင်းမပြုပါက အရေးယူပိတ်ဆို့မှုပိတ်ဆို့မှုတွေကို ရုပ်သိမ်းမပေးနိုင်ကြောင်း သမ္မတထရန့်က ငြင်းပယ်ခဲ့ပြီးနောက် ထိပ်သီဆွေးနွေးပွဲကလည်း သဘောတူညီချက်မရရှိဘဲ ပြီးဆုံးခဲ့ပါတယ်

အနာဂတ်ကာလမှာ အမေရိကန်နဲ့ ဆွေးနွေးမှုကိစ္စနဲ့ပတ်သက်ပြီး ကင်မ်ဂျုံအန်က မကြာမီ တရားဝင် ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ကြောင်းလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြုံးယမ်းမြို့မှာ ပြောခဲ့ပါတယ်။

"ကျွန်မတို့ကတော့ အမေရိကန်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ဒီလိုပုံစံမျိုး ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားဖို့ ဆန္ဒမရှိပါဘူး" လို့ နိုင်ငံခြားရေးဝန်ကြီး Choe Sun-hui က ပြောခဲ့ကြောင်း ရုရှားသတင်းဌာန TASS က ဖော်ပြပါတယ်။ ဒါ့အပြင် အမေရိကန်က ဂိုဏ်းစတားပုံစံ ရပ်တည်လုပ်ဆောင်နေကြောင်းလည်း သူမက စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

(Yongbyon နျူကလီးယားစခန်း တည်နေရာပြ မြေပုံ) (Map: AFP/38 North)

လတ်တလော ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားဘက်က အဓိကကျတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု ငါးခုကို ရုပ်သိမ်းပေးရန် အမေရိကန်ကို တောင်းဆိုခဲ့ကြောင်း၊ သမ္မတထရန့် ပြောခဲ့သလို အရေးယူပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးရန် မတောင်းဆိုခဲ့ကြောင်း Choe Sun-hui က သတင်းထောက်တွေကို ပြောပါတယ်။

"ဒါက အရေးယူပိတ်ဆို့မှုကိစ္စပါပဲ၊ သူတို့က အရေးယူပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးစေချင်ပါတယ်၊ ကျွန်တော်တို့ ဒီလို မလုပ်နိုင်ပါဘူး" လို့ ထရန့်က ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

(ထရန်နဲ့ကင်မ် ဟနွိုင်းထိပ်သီးဆွေးနွေးပွဲ) (Photo: Reuters)

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် Stephen Biegun က ယခု သီတင်းပတ်အတွင်း ပြောကြားမှုခဲ့မှုအရ နှစ်နိုင်ငံကြား သံတမန်ရေးဟာ အလွန် သက်ဝင်တည်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ သို့သော် ဗီယက်နမ် ထိပ်သီးတွေ့ဆုံပွဲနောက်ပိုင်း စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ခြင်းရှိ မရှိနဲ့ နောက်ထပ် ဆွေးနွေးမှုအစီအစဉ်တွေရှိ မရှိကိုတော့ Stephen Biegun က ထုတ်ဖော်ပြောခြင်းမရှိခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

ထရန့်နဲ့ကင်မ်တို့ဟာ ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။

(မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မြင်ကွင်းတစ်ခု) (Photo: KCNA/AFP/Getty Images)

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဗီယက်နမ် ထိပ်သီးတွေ့ဆုံမှုအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး တိုးတက်မှုအခြေအနေနဲ့ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာချက်တို့ကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ ခန့်မှန်းမျှော်လင့်ထားခဲ့ကြပေမဲ့ လက်တွ့မှာတော့ သဘောတူညီချက် မရရှိဘဲ ပြီးဆုံးခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က