စစ်ဘက်ဆိုင်ရာ လေတပ်စခန်းတစ်ခုကို ဆင်းသက်ခဲ့စဉ် ပြေးလမ်းချော်သွားခဲ့တာပါ။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး မိုးသက်မုန်တိုင်းကျနေစဉ် ဆင်းသက်ခဲ့ရာမှ ပြေးလမ်းချော်ပြီး မြစ်အတွင်းထိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

(Photo: US Navy via Getty Images)

Boeing 737 လေယာဉ်ဟာ သောကြောနေ့ (မေ ၃ ရက်) ဒေသစံတော်ချိန် ညပိုင်းက လေဆိပ်ကိုဆင်းသက်စဉ် ပြေးလမ်းချော်ပြီး စိန့်ဂျွန်စ် (St. Johns) မြစ်ထဲကျသွားခဲ့တာဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရသူမရှိခဲ့ဘူးလို့ သိရပါတယ်။ လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၄၃ ဦး လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ထဲရောက်သွားတဲ့ လေယာဉ်ဟာ Miami Air International လေကြောင်းလိုင်းမှဖြစ်ပြီး ကျူးဘားနိုင်ငံ ဂွာတာနာမိုပင်လယ်အော်မှ ထွက်ခွာပျံသန်းလာခဲ့ပြီး ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီလီမြို့ရှိ စစ်ဘက်ဆိုင်ရာ လေတပ်စခန်းတစ်ခုကို ဆင်းသက်ခဲ့စဉ် ပြေးလမ်းချော်သွားခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။

(Photo: US Navy via Getty Images)

လေယာဉ်ကို မိုးသက်မုန်တိုင်း ပြင်းထန်နေစဉ်အတွင်း ဆင်းသက်ခဲ့ရာမှ ပြေးလမ်းချော်ပြီး စိန့်ဂျွန်စ်မြစ်အတွင်း ရောက်သွားခဲ့တယ်လို့ ခရီးသည်တွေက ပြောပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၀ ဦးထက်မနည်း အသေးစားဒဏ်ရာရခဲ့ပြီး ကုသပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ လေယာဉ်ဟာ မြစ်ရဲ့ ရေတိမ်ပိုင်းကို ထိုးကျသွားခဲ့တာကြောင့် နစ်မြုပ်သွားခဲ့ခြင်းမရှိဘဲ လိုက်ပါလာသူအားလုံး အသက်ရှင်ခဲ့ကြတယ်လို့ ဂျက်ဆင်ဗီလီရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

(Photo: AFP)

ခရီးသည်တစ်ဦးဖြစ်သူ Cheryl Bormann က ကြောက်လန့်စရာကောင်းတဲ့ လေယာဉ်ပြေးလမ်းချော်မှု အတွေ့အကြုံကို CNN TV သို့ ဖွင့်ဟခဲ့ပါတယ်။ လေယာဉ်က မြေပြင်ကိုထိပြီး ပြန်ခွာထွက်လာတယ်၊ ပိုင်းလော့က လေယာဉ်ကို လုံးဝ မထိန်းချုပ်နိုင်တော့တာ သေချာခဲ့တယ်၊ နောက်ဆုံးတော့ ကျွန်မတို့ ရေထဲရောက်နေခဲ့တယ်၊ မြစ်ထဲမှာလား ပင်လယ်သမုဒ္ဒရာထဲလားတောင် မပြောနိုင်ခဲ့ဘူး၊ လေယာဉ်ဆီတွေ ရေထဲကို ယိုစိမ့်နေတဲ့ အနံ့လည်းရခဲ့တယ်" လို့ သူမက ပြောပါတယ်။

ထပ်မံသိရှိရတဲ့ သတင်းတွေအရ ပြေးလမ်းချော်ပြီး မြစ်ထဲရောက်သွားခဲ့တဲ့ Boeing 737 လေယာဉ်ဟာ ဆင်းသက်စနစ် အလုပ်မလုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောခဲ့ကြောင်းသိရပါတယ်။

Share

Loading Next Article...
က္က