ဗာဂျီးနီးယားကမ်းခြေမြို့ရှိ မြူနီစပယ်ရုံး အဆောက်အအုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ အစိုးရအဆောက်အအုံတစ်ခုမှာ လူအများအပြားကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အဆောက်အအုံ) (Photo: Reuters)

ဒေသစံတော်ချိန် မေ ၃၁ ရက်နေ့က ဗာဂျီးယားနီးယားပြည်နယ် ဗာဂျီးနီးယားကမ်းခြေမြို့ရှိ မြူနီစပယ်ရုံး အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှ သေနတ်သမားဟာ မကျေမနပ်ဖြစ်နေတဲ့ မြူနီစပယ်ဝန်ထမ်း အင်ဂျင်နီယာတစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ၎င်းဟာ ဗာဂျီးနီးယားကမ်းခြေမြို့ရဲ့ မြူနီစပယ်ဝန်ထမ်းအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

မကျေမနပ်ဖြင့် ဒေါသတကြီးဖြစ်နေတဲ့ အဆိုပါဝန်ထမ်းက မြူနီစပယ်ရုံး အဆောက်အအုံးအတွင်း ဝင်ရောက်ကာ တွေ့သမျှကို ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမားသေဆုံးသွားခဲ့ပါတယ်။ ၎င်းရဲ့ အချက်အလက်တွေကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ BBC သတင်းက ပြောပါတယ်။

(ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည့် နေရာ) (Photo: WAVY)

The Wall Street Journal သတင်းကတော့ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ အသက် ၄၀ နှစ်အရွယ် DeWayne Craddock ဆိုသူဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ၎င်းက လတ်တလော သီတင်းပတ်များအတွင်း သေနတ်တွေ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ယခု ပစ်ခတ်မှုအတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူခြောက်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

သေနတ်သမားနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲအရာရှိတစ်ဦးကို ထိမှန်ခဲ့ပေမဲ့ ကျည်ကာအင်္ကျီမှာ ကျည်ဆန်စိုက်ဝင်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

(ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများ) (Photo: City of Verginia Beach)

ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်စပြုချိန်မှာ ဗာဂျီးနီးယားကမ်းခြေမြို့မှာ အစိုးရအဆောက်အအုံ အများအပြားတည်ရှိတဲ့ Virginia Beach Municipal Center ဧရိယာတွင်း ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါနေရာကို ရဲတပ်ဖွဲ့က ပိတ်ပင်ထားပြီး ဝန်ထမ်းတွေကို ရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာဟာ စစ်ပွဲဇုန်တစ်ခုပမာ ဖြစ်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။ 

Share

Loading Next Article...
က္က