လီဗာပူးကြယ်ပွင့် နောက်ခံကစားသမား ဗာဂျေးဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ ၆ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
နယ်သာလန်လက်ရွေးစင်ကြယ်ပွင့် ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာပေါ်က အကောင်းဆုံးဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ လက်ရှိစာချုပ်အရ တစ်ပတ်လုပ်ခလစာ ပေါင် ၁၂၅၀၀၀ ရရှိနေသူဖြစ်ပြီး စာချုပ်သက်တမ်း ၄ နှစ်နီးပါး ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် Sunday Mirror ရဲ့ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗန်ဒိုက်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်း နီးပါး တန်ကြေးရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။
ဗန်ဒိုက်ရဲ့စာချုပ်သစ်အတွက် နောက်ဆုံုးအသေးစိတ်အချက်အလက်တွေကို ပြီးခဲ့တဲ့အပတ်မှာ အပြီးသတ်နိုင်ခဲ့တာဖြစ်ပြီး ယခုနွေရာသီအစကတည်းက ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာလို့ သိရပါတယ်။
ယခုနွေရာသီမှာ လက်စတာစီးတီးအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ အထိ ရရှိနေတဲ့ ဟယ်ရီမက်ဂွိုင်းယားက ဗန်ဒိုက်ကို လီဗာပူးအသင်း စာချုပ်သစ် ချုပ်ဆိုရတဲ့အကြောင်းအရင်းဖြစ်တယ်လို့ သိရပါတယ်။
ဗန်ဒိုက်ဟာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို ရောက်ရှိလာပြီးနောက် ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပစူပါဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကိုလည်း ရရှိဖို့ အနီးစပ်ဆုံးနေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။