အနောက်ပိုင်းတက္ကသိုလ်မှာ ဒီနေ့ မတ်လ ၈ ရက်က သင်္ကြနု်ပွဲ ကျင်းပရာ ကျောင်းဝင်းအတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။
Photo - WYU News (လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်
သင်္ကြန်ပွဲကို မနက်ပိုင်းက စတင်ကျင်းပခဲ့ရာ ခေတ္တ နားချိန် နေ့လည် ၁၂ နာရီလောက်မှာ ကျောင်းဝင်းအတွင်း တက္ကသိုလ် ကန်တင်းမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာမှာ ပျံနှံ့လာခဲ့ပါတယ်။
ကျောင်းသားအုပ်စုဟာ ကန်တင်းမှာ ထိုင်နေရင်း အချင်းချင်းစနောက်ရင်း စကားများရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်မိတာမျိုးတော့မရှိဘူးလို့ အနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
“ သင်္ကြန်ပွဲနဲ့တော့သက်ဆိုင်မှုမရှိပါဘူး။ ကန်တင်းမှာ ကျောင်းသားတွေ အချင်းချင်း ဖြစ်ကြတာပါ။ ကျောင်းပြီးသွားတဲ့သူငယ်ချင်းတစ်ချို့ ကျောင်းကို လာလည်ရင်းနဲ့ သူတို့ သူငယ်ချင်းချင်း စရင်းနောက်ရင်း ဖြစ်သွားတာာပါ။ “ လို့ သမဂ္ဂတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူ ဆုံးမမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သင်္ကြန်ကို ဒီနေ့ မတ်လ ၈ ရက် က ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူတွေ အနေနဲ့ တက္ကသိုလ်ရဲ့ပုံရိပ်ကို ကျဆင်းစေတဲ့ အပြုအမှု အပြောဆိုတွေ၊ (အထူးသဖြင့် ခိုက်ရန် ဖြစ်ပွားမှု၊ မူးယစ်သောက်စားရမ်းကားမှု) တွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံမှုတွေ ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။
မတ်လ ၅ ရက်နေ့ကလည်း ပခုက္ကူတက္ကသိုလ်နဲ့ ကလေးတက္ကသိုလ်တို့မှာ ကျောင်းသင်္ကြန်ပွဲတွေ ကျင်းပခဲ့ရာ ရန်ပွဲတွေ ဖြစ်ပွားခဲ့မှုကြောင့် ပခုက္ကူ ကျောင်းသားတစ်ဦး ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။
အမှားပြင်ဆင်ချက်။ ။ ယခုသတင်းတွင်ဖော်ပြပါရှိသော "ကျောင်းသားသမဂ္ဂကနေ သိရပါတယ်" ဟူသောစာပိုဒ်ကို "ကျောင်းသင်္ကြန်ကျင်းပရေး Organizing Team မှ သိရပါတယ်"ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် နှင့် "ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက" ဆိုသည့် အပိုဒ်တွင် "ကျောင်းသင်္ကြန်ကျင်းပရေး Organizing Team မှ တာဝန်ရှိသူတစ်ဦးက" ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။