မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားဟာ အယ်ခမာအသင်းနဲ့ ယူရိုပါလိဂ်မှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရိသတ်တွေကို ပေးပို့ခဲ့တဲ့ သတင်းစကားကြောင့် ဒေါသထွက်ခြင်းခံနေရတယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့ညနေမှာ ကစားခဲ့တဲ့ အယ်ခမာနဲ့ ပွဲစဉ်မှာ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့ဘဲ နည်းပြဆိုးလ်ရှားက တနင်္လာနေ့က အာဆင်နယ်နဲ့ကစားခဲ့တဲ့လူစာရင်းကို အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး မက်ဂွိုင်းယားကို အနားပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက ၎င်းရဲ့အသင်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပြီး အယ်ခမာနဲ့ပွဲက ရလဒ်ဆီကနေ ယူစရာ အပေါင်းလက္ခဏာကြီးကြီးမားမားရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းယားကလည်း သရေရလဒ်အပေါ်မှာ ပရိသတ်တွေ စိတ်ပြေလိုပြေငြား တွစ်တာမှာ စာရေးတင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ဒေါသတွေ ပုံချခြင်းကိုသာ ခံခဲ့ရတာဖြစ်ပါတယ်။
“အဝေးကွင်းမှာ သရေ ၁ မှတ်ရခဲ့ပါတယ်။ အားပေးထောက်ခံမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ တနင်္ဂနွေနေ့မှာ တွေ့ကြမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မက်ဂွိုင်းယားရဲ့စာဟာ ပရိသတ်တွေအမြင်မှာ ဒေါသထွက်စရာဖြစ်ခဲ့ပြီး ပြိုင်ဘက်အသင်းပရိသတ်တွေကလည်း မက်ဂွိုင်းယားကို လှောင်ပြောင်ဖို့ အခွင့်အရေးရရှိသွားခဲ့တာဖြစ်ပါတယ်။
“ငါတို့က ဟားလ်စီးတီးမဟုတ်ဘူး သူငယ်ချင်း”လို့ ပရိသတ်တစ်ဦးက တုံ့ပြန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆို ဟားလ်စီးတီးကိုပဲ ပြန်သွားလိုက်တော့”လို့ ရေးသားခဲ့ပါတယ်
မန်ချက်စတာယူူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။