အမေရိကန်အခြေစိုက် Esports Organization တစ်ခုဖြစ်တဲ့ Evil Geniuses ကတော့ CS:GO အသင်းဖွဲ့စည်းပြီးလို့ သိပ်မကြာသေးခင်မှာပဲ ဖလားတစ်ခုကို ပိုင်ဆိုင်လို့သွားခဲ့ပါပြီ။
Evil Geniuses ဟာ သူတို့ရဲ့ ပထမဦးဆုံး CS:GO အသင်းကိုဖွဲ့စည်းဖို့အတွက် NRG Esports မှ ကစားသမားတွေကို အသင်းလိုက်ပြောင်းရွှေ့ခေါ်ယူခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့လည်း Evil Geniuses အသင်းတံဆိပ်အောက် ရောက်ရောက်ပြီးချင်းမှာပဲ ESL One New York 2019 ကိုယှဉ်ပြိုင်ဆော့ကစားခဲ့ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ။
ESL One New York 2019 ဆို ESL က ကြီးမှူးပြီး အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိကျင်းပခဲ့တဲ့ CS:GO ပြိုင်ပွဲတစ်ခုပါ။ Minor အဆင့်ပြိုင်ပွဲဖြစ်ပေမယ့် Team Liquid, Astralis တို့လို့ World Ranking ထိပ်ဆုံးအသင်းတွေ ပါဝင်ခဲ့ပါတယ်။ Minor ပြိုင်ပွဲဖြစ်တာနဲ့အညီ ပါဝင်ယှဉ်ပြိုင်တာကလည်း ၈ သင်းတည်းသာရှိခဲ့ပါတယ်။ အဲဒီအသင်းတွေကတော့ Team Liquid, Astralis, Evil Geniuses, ENCE, FaZe Clan, G2 Esports, Optic Gaming, EUnited တို့ဖြစ်ပြီး စုစုပေါင်းဆုကြေးကတော့ ဒေါ်လာ ၂ သိန်းပဲဖြစ်ပါတယ်။
Group A နဲ့ B အုပ်စုနှစ်ခုခွဲကာ ယှဉ်ပြိုင်ရတာဖြစ်ပြီး ENCE, EUnited, FaZe Clan နဲ့ Optic Gaming တို့ကတော့ အုပ်စုအဆင့်ကနေ နောက်ကြောင်းလှည့်ပြန်ခဲ့ရပါတယ်။ အုပ်စုအဆင့်ကနေ ကျော်ဖြတ်လာနိုင်ခဲ့တဲ့ အသင်းတွေထဲမှာတော့ Astralis က Team Liquid ကို 2:1 နဲ့အနိုင်ရရှိခဲ့ကာ Evil Geniuses က G2 Esports ကို 2:0 နဲ့အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို အသီးသီးတက်ရောက်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာတော့ BO5 ဆော့ကစားခဲ့ရပြီး Evil Geniuses က အံ့သြစရာလက်စွမ်းတွေနဲ့အတူ Astralis ကို 3:1 ရလဒ်နဲ့အနိုင်ပိုင်းခဲ့ပါတယ်။ ချန်ပီယံဖြစ်သွားတဲ့ Evil Geniuses က ဆုကြေးငွေ ဒေါ်လာ ၁ သိန်း၊ ဒုတိယဆုရရှိခဲ့တဲ့ Astralis က ဆုကြေးငွေ ဒေါ်လာ ၄ သောင်း အသီးသီးအပြင် Evil Geniuses မှ Brehze က ပြိုင်ပွဲတစ်လျှောက်လုံးရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
Evil Geniuses CS:GO (ယခင် NRG Esports) ဟာ ဒီလ ၈ ရက်နေ့ကမှ ကျင်းပပြီးစီးခဲ့တဲ့ Starladder Berlin Major မှာ စတင်လက်စွမ်းပြကစားခဲ့ကာ World Ranking ရဲ့ထိပ်ဆုံးငါးသင်းအဆင့်ထဲကို ဝင်ရောက်လာတဲ့အသင်းပါ။ Evil Geniuses အနေနဲ့ ဒီကစားသမားတွေကို ယုံယုံကြည်ကြည်ခေါ်ယူခဲ့တာ မှန်ကန်ကြောင်းကို Stanislaw တို့တစ်သိုက်က ရောက်ရောက်ပြီးချင်း ဖလားတစ်ခုရယူကာ သက်သေပြခဲ့ပါပြီ။ ဒီလိုအညွှန့်တလူလူဖြစ်နေတဲ့အသင်းအနေနဲ့ အောင်မြင်မှုတွေကို ဘယ်အတိုင်းအတာအထိ ဆွတ်ခူးရယူနိုင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
Written by Myo Thant Kyaw