မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အင်တာမီလန်က အေစီမီလန်ကို ၁-၀ ဂိုးနဲ့ ထပ်မံ အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အင်တာမီလန်တို့ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုးပြတ်နဲ့ မြို့ခံပြိုင်ဘက်ကို အနိုင်ယူကာ (၁၃) နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ အေစီမီလန်ဘက်က အဓိကတိုက်စစ်ကြယ်ပွင့် ရာဖေးလ်လီယာအို ပြန်လည် ပါဝင်လာခဲ့ပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ အင်တာမီလန်ကလည်း လော်တာရိုမာတီနက်ဇ်၊ ဂျက်ကို၊ ဒမ်းဖရိုင်းစ်၊ ဘာရီလာ၊ မီခီတာရန်၊ ဒီမာကို၊ ဒါမီယန်တို့နဲ့ပဲ ပထမအကျော့က လူစာရင်းကို အပြောင်းအလဲမရှိ ပွဲထွက်ခဲ့ပါတယ်။
အေစီမီလန်ကတော့ လီယာအို ပြန်လည်ပါဝင်လာခဲ့ပြီး ဂျရူး၊ ဘရာဟင်မ်ဒီယက်ဇ်၊ မက်ဆီးယက်စ်တို့နဲ့ တိုက်စစ်ကို ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာလည်း တိုနယ်လီ၊ ကရူနစ်တို့ ပါဝင်ခဲ့ပြီး အပြောင်းအလဲ များများစားစား မရှိခဲ့ပါဘူး။ ပွဲစကတည်းက အေစီမီလန်တို့ ဂိုးရရှိဖို့ အင်တာမီလန်ကို ဆက်တိုက် ဖိအားပေးခဲ့တာပါ။
သီယိုဟာနန်ဒက်ဇ်၊ ဘရာဟင်မ်ဒီယက်ဇ်တို့ရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ဂိုးမဖြစ်ခဲ့တာကြောင့်သာ အင်တာမီလန်တို့ ပထမအကျော့က သူတို့ လုပ်ခဲ့တဲ့ပုံစံအတိုင်း ပြန်မခံလိုက်ရတာဖြစ်ပါတယ်။ မဟုတ်ရင်တော့ အေစီမီလန်တို့ စောစောစီးစီး ဂိုးတွေ ပြန်ရသွားနိုင်ပြီး အင်တာမီလန်အတွက် ခက်ခဲသွားနိုင်ပါတယ်။
အင်တာမီလန်အတွက် အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က ပွဲကစားချိန် (၇၄) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အင်တာမီလန်ကတော့ (၂၀၁၀) နောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး မန်စီးတီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။