လူမင်းက သားငယ်လေး ဧဝရတ်လူမင်းရဲ့ အသက် ၉ နှစ်ပြည့်မွေးနေ့မှာ သူ့ရင်ထဲမှာရှိတဲ့ ဆန္ဒတွေနဲ့ သားဖြစ်သူကို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
Photo: Lu Min
သရုပ်ဆောင် အကယ်ဒမီလူမင်းက ဧပြီလ ၄ ရက်နေ့မှာ အသက် ၉ နှစ်ပြည့်ပြီဖြစ်တဲ့ သားငယ်လေး ဧဝရတ်လူမင်း အတွက် မွေးနေ့ဆုတောင်းစကားတွေပြောလာပါတယ်။ သားလေးက အငယ်ဆုံးဆိုပေမယ့် လိမ္မာတယ်လို့ ဆိုပါတယ်။
‘’ 4-4-2019 , 9th Happy birthday သားလေး ။ အဖေတူသား။ သဘောမနော ကောင်း၊ အနေအေးတဲ့အချွဲလေး။ အငယ်ပေမယ့် အစ်မကို အနိုင်မယူ မပူဆာတတ် လိမ္မာတဲ့သားလေး။ အငယ်ဆုံးလေးမို့ အားလုံးရဲ့အသည်း။ ဘဝတစ်လျှောက်လုံး သက်ရှည်ကျန်းမာပျော်ရွှင်အေးချမ်း ပညာတွေများစွာ သင်ယူတတ်မြောက်နိုင်ပါစေ။ ပညာရှိသူတော်ကောင်းတွေကို အမြဲမှီဝဲဆည်းကပ်နိုင်ပါစေ။ ဘာသာသနာအကျိုး၊ အများအကျိုးသယ်ပိုးနိုင်တဲ့ သားလိမ္မာလေးဖြစ်ပါစေသားလေးရေ’’ ဆိုပြီးတော့ ဧပြီလ ၄ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Lu Min
လူမင်းနဲ့ ခင်စံပယ်ဦး တို့ဟာ သားငယ်လေး ဧဝရတ်လူမင်းကို ၂၀၁၀ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သမီးကြီး ဧရာဝတီလူမင်းကတော့ အသက် ၁၀ နှစ်ကျော်ပါပြီ။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကတော့ လိမ္မာပြီး ချစ်စရာကောင်းတဲ့ သမီးနဲ့ သားကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ မကြာခဏ ဆိုသလို မိသားစုအတူတူ ခရီးတွေ ထွက်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
Photo: Lu Min
သရုပ်ဆောင် လူမင်းနဲ့ ခင်စံပယ်ဦးတို့ဟာ ၂၀၀၄ ခုနှစ်မှာ မတ်လ ၂၆ ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၁၅ နှစ်အတွင်းမှာလည်း ဇနီးမောင်နှံ နှစ်ယောက် ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။
Photo: Lu Min
ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။