လက်စတာစီးတီးကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းကနေ နာမကျန်းဖြစ်နေတာကြောင့် နုတ်ထွက်သွားခဲ့ပြီးနောက် ကာစီနိုဝိုင်းကို သွားရောက်ခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေ ခံနေရတယ်လို့ talkSPORT ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဂျိမ်းစ်မက်ဒီဆင်ဟာ ပြီးခဲ့တဲ့သောကြာနေ့ညမှာ လက်စတာကာစီနိုဝိုင်းကို ရောက်ရှိနေခဲ့တဲ့ ဓာတ်ပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ အင်္ဂလန်အသင်းက ချက်အသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဒေါသပုံချခြင်းခံခဲ့ရတာဖြစ်ပါတယ်။
“ဂျိမ်းစ်မက်ဒီဆင်အနေနဲ့ အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ပြီး ကာစီနိုကို သွားတာက ဝေဖန်မခံရသင့်ပါဘူး။ သူ အဲဒီမှာ ရောက်နေဖို့ အခွင့်အရေးရှိပါတယ်”လို့ ချယ်ဆီးနဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက ပြောကြားခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင်ဟာ ယခုရာသီမှာ လက်စတာစီးတီးအသင်းအတွက် ပုံစံကောင်းပြသနိုင်နေတဲ့ကစားသမားဖြစ်တာကြောင့် အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ်ဆောက်ဂိတ်က လူစာရင်းမှာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ ဂျိမ်းစ်မက်ဒီဆင်က နာမကျန်းဖြစ်နေတာကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းက ချက်အသင်းနဲ့ ယှဉ်ပြိုင်နေချိန်မှာ ကာစီနိုဝိုင်းကို ရောက်နေတာက ရိုင်းပျပြီး လေးစားမှုမရှိတဲ့အပြုအမူဖြစ်တယ်လို့ ဝိုင်းဝန်းဝေဖန်နေကြတာဖြစ်ပါတယ်။
talkSPORT ရဲ့ကလောင်ရှင်ဖြစ်တဲ့ ကက်စ်ကာရီနိုက ဂျိမ်းစ်မက်ဒီဆင်ဘက်ကနေ ကာကွယ်ပြောကြားပေးသွားခဲ့ပြီး အင်္ဂလန်အသင်းအတွက် ကစားမပေးနိုင်လောက်အောင် နာမကျန်းဖြစ်နေတာက ၎င်းရဲ့ကိုယ်ပိုင်အချိန်မှာ ဘာမှမလုပ်နိုင်လောက်အောင် ဖျားနာနေတာလို့ အဓိပ္ပာယ်မရဘူးလို့ ပြောကြားခဲ့ပါတယ်။