အများပြည်သူ ကြည့်ရှုရန် မသင့်တော်တဲ့အကြောင်းအရာတွေ တင်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ မြင့်တက်လာမှုနဲ့အတူ Apple နဲ့Google တို့ဟာ အိန္ဒိယနိုင်ငံတွင်းက ယင်းတို့ရဲ့ App Store တွေမှာ TikTok app ကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

Photo: thenewsminute
TikTok ပေါ်ကနေ အဖော်အချွတ်နဲ့ညစ်ညမ်းတဲ့ သရုပ်ဆောင်မှုတွေ ဖြန့်လာတာကို စိုးရိမ်မှု မြင့်တက်လာခြင်းနဲ့အတူ မဒရပ်တရားရုံးကနေ ဒီ app ကို App Stores တွေကနေ ဖယ်ရှားဖို့အမိန့်ချမှတ်ပြီးတဲ့နောက်မှာ အခုလို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယမှာ သုံးစွဲသူသန်း ၁၂၀ ကျော် ရှိထားတဲ့ TikTok ဟာ ဆယ်ကျော်သက်လူငယ်များအကြား အကြီးအကျယ် ရေပန်းစားနေတဲ့ video sharing app တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ app ဟာ နောက်ခံတေးဂီတနဲ့အတူ နှုတ်ခမ်းလှုပ်ပြီး သရုပ်ဆောင်တာ ၊ လိုက်ကတာတွေလုပ်ရတဲ့ ၁၅ စက္ကန့်စာ video app အဖြစ် နာမည်ကြီးပါတယ်။
မဒရပ်အထက်တရားရုံးဟာ လူငယ်များအကြား pornography လို့ခေါ်တဲ့ လိင်ညစ်ညမ်းမှုပါတဲ့ content တွေဖြစ်အောင် အားပေးမှုနဲ့ပိတ်ပင်ထားတာ ဖြစ်ပြီး လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ ဒီအမှုကို ဆက်လက်ကြားနာမယ်လို့ဆိုပါတယ်။ တရားရုံးရဲ့ စွဲချက်ကို TikTok app ရဲ့ မိခင်ကုမ္ပဏီ ByteDance မှ TikTok content များထဲမှာ မသင့်လျော်တဲ့ အကြောင်းအရာ ပါဝင်မှု အလွန်နည်းပါးတယ်လို့ခုခံခဲ့ပါတယ်။
Photo: The Independent
တရားရုံးရဲ့ ပဏာမစီရင်ချက်ပေါ် မူတည်ပြီး အိန္ဒိယ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ Apple နဲ့Google တို့ကို ယင်းတို့ရဲ့ App Store တွေပေါ်မှ ဖယ်ရှားဖို့ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ ByteDance ကုမ္ပဏီမှလည်း သုံးစွဲသူ စည်းမျဉ်းချိုးဖောက်ထားတဲ့ TikTok ပေါ်မှ အငြင်းပွားဖွယ် video ပေါင်း ၆ သန်းကျော်ကို ဖယ်ရှားထားတယ်လို့ပြောထားပါတယ်။
တရုတ်မှာ Douyin လို့ခေါ်တဲ့ TikTok ကတော့ ၂ နှစ်အတွင်း လစဉ် ပုံမှန်သုံးစွဲသူဦးရေဟာ သန်း ၅၀၀ နဲ့အထက်မှာ ရှိနေပြီ ဖြစ်ပြီး မကြာသေးခင်ကပဲ Musical.ly ကို ဒေါ်လာ ၁ ဘီလျံနဲ့ဝယ်ယူကာ ဈေးကွက်ချဲ့ထွင်မှု လုပ်ဆောင်နေတာပါ။ TikTok app ကို ဘင်္ဂလားဒေ့ချ်မှာလည်း ပိတ်ပင်ထားပြီး အမေရိကန်မှာလည်း ကလေးတွေဆီက အချက်အလက်တွေ တရားမဝင် ရယူမှုနဲ့ဒေါ်လာ ၅.၇ သန်း ပေးဆောင်စေဖို့အမိန့်ချထားပါတယ်။