• အိန္ဒိယမြောက်ပိုင်းမှာ ဘတ်စ်ကားချောက်ထဲထိုးကျမှု ၄၈ ဦးထက်မနည်း သေဆုံး

နယူးဒေလီ အရှေ့မြောက်ဘက် တောင်တန်းထူထပ်ရာဒေသမှာ ဘတ်စ်ကား ချောက်ထဲထိုးကျခဲ့ပါတယ်။

အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်းဒေသ အူတာရက်ခ်ဟန်းပြည်နယ်မှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့မှုအတွင်း လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

image


တနင်္ဂနွေနေ့ (ဇူလိုင် ၁ ရက်) က နယူးဒေလီ အရှေ့မြောက်ဘက် တောင်တန်းထူထပ်ရာ Pauri Garhwal ခရိုင်အတွင်း ဘတ်စ်ကား ချောက်ထဲထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက မတော်တဆမှုဖြစ်ပွားတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။

"မတော်တဆမှုမှာ လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်၊ နောက်ထပ် အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်" လို့ ဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ဒီပက်ရှ်ချန်ဒရာကာလာက AFP ကို ပြောပါတယ်။

image


"ဘတ်စ်ကားက အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းပေါ်မှာတစ်ပတ်လည်ပြီးတော့ ချောက်နက်ထဲထိုးကျသွားခဲ့ပါတယ်၊ ဘတ်စ်ကာက နှစ်ပိုင်းပြတ်ထွက်သွားပြီး အခု တောင်ခြေမှာရှိတဲ့ ချောင်းငယ်တစ်ခုမှာ ရောက်နေပါတယ်" လို့ ၎င်းကဆိုပါတယ်။

မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားကိုယ်ထည်ဟာ တွန့်လိမ်ပျက်စီးနေပြီး အမိုးမရှိတော့တာ တွေ့ရပါတယ်။ ဘတ်စ်ကား ချောက်ထဲထိုးကျသွားရတဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။



အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုအများဆုံး အန္တရာယ်ရှိ လမ်းမတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ တောင်တန်းထူထပ်တဲ့ အိန္ဒိယမြောက်ပိုင်း တောင်ပေါ်လမ်းတွေမှာ လူသေဆုံးမှုရှိတဲ့ ကားမတော်တဆမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။

အိန္ဒိယမှာ လမ်းမပေါ် မတော်တဆမှုတွေကြောင့် နှစ်စဉ် လူ ၁၅၀,၀၀၀ ကျော် သေဆုံးကြောင်းနဲ့ သေဆုံးရမှုအများစုဟာ လမ်းမကောင်းခြင်း၊ ကားများကို ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းနဲ့ မဆင်မခြင် မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။



ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း ဟီမာချယ်လ်ပရာဒက်ရှ်ပြည်နယ်မှာ ကျောင်းသူကျောင်းသားငယ်များ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး လျှိုမြောင်ထဲထိုးကျခဲ့မှုကြောင့် ကလေး ၂၇ ဦး အပါအဝင် လူ ၃၀ သေဆုံးခဲ့ပါတယ်။

ထိုလအတွင်းမှာပင် မက်ဒ်ယာပရာဒက်ရှ်ပြည်နယ်မှာ မင်္ဂလာဆောင်ကိုသွားနေသူတွေ လိုက်ပါလာတဲ့ ကားတစ်စီး တံတားပေါ်ကနေ ထိုးကျခဲ့ပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထို့နောက် ရက်ပိုင်းအကြာမှာလည်း အူတာပရာဒက်ရှ်ပြည်နယ်အတွင်း စောင့်ကြပ်သူမရှိတဲ့ ရထားလမ်းဖြတ်နေရာမှာ ကျောင်းဘတ်စ်ကားတစ်စီးကို ရထားက ဝင်တိုက်ခဲ့မှုကြောင့် ကလေး ၁၃ ဦး သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က