စက်တင်ဘာလ အစောပိုင်းမှာ လပေါ်သို့ဆင်းသက်နိုင်ရန် စီစဉ်ထားပါတယ်။

အိန္ဒိယက လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ်ကို သယ်ဆောင်သွားတဲ့ ဒုံးပျံကို ယနေ့ (ဇူလိုင် ၂၂ ရက်) လွှတ်တင်နိုင်ခဲ့ပြီး နိုင်ငံအတွက် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာကြောင်း ပြောကြားလိုက်ပါတယ်။

(Photo: ISRO)

ချန်ဒရာရန် - ၂ (Chandrayaan-2) သို့မဟုတ် Moon Charito 2 လို့ အမည်ပေးထားတဲ့ လစူစမ်းရေးယာဉ်ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်က အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းလွန် ကျွန်တစ်ကျွန်းပေါ်ရှိ Satish Dhawan Space Centre ကနေ လွှတ်တင်လိုက်ကြောင်း သိရပါတယ်။



အိန္ဒိယသမုဒ္ဒရာ ကောင်းကင်ယံမှာ လကမ္ဘာကိုလှည့်ပတ်မယ့် အာကာသယာဉ်က ဒုံးပျံကနေ အောင်မြင်စွာ ခွဲထွက်သွားခဲ့ပြီလို့ လစူးစမ်းရေးယာဉ် ထိန်းချုပ်စခန်းက ကြေညာခဲ့ပါတယ်။ အဆိုပါ လကမ္ဘာပတ်မယ့် ချန်ဒရာရန် -၂ အာကာသယာဉ်မှာ လမျက်နှာပြင်ပေါ်မှာ သွားလာစူးစမ်းမယ့်ယာဉ် (Pragyan) နဲ့ ထိုယာဉ်ကို လမျက်နှာပြင်ပေါ်သို့ သယ်ဆောင်ချထားပေးမယ့်ယာဉ် (Vikram Lander) တို့ ပါဝင်ပါတယ်။

(Image: ISRO)

"ဒီနေ့က အိန္ဒိယမှာ အာကာသ၊ သိပ္ပံနဲ့ နည်းပညာအတွက် သမိုင်းဝင်နေ့တစ်နေ့ပါပဲ" လို့ အိန္ဒိယ အာကာသသုတေသန အဖွဲ့အစည်း (Indian Space Research Organisation - ISRO) အကြီးအကဲ ကေစီဗန်က ပြောခဲ့ပါတယ်။ အိန္ဒိယက လွန်ခဲ့တဲ့ တစ်ပတ်ကလည်း လစူစမ်းလေ့လာရေးယာဉ် လွှတ်တင်ခဲ့သေးပေမဲ့ နည်းပညာချို့ယွင်းချက်ကြောင့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။

တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယ ရုရှား၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကဲ့သို့ပင် လပေါ်သို့ အာကာသစူးစမ်းလေ့လာရေးယာဉ် စေလွှတ်နိုင်တဲ့ နိုင်ငံဖြစ်လာရန် ကြိုးပမ်းနေခဲ့ပါတယ်။ အိန္ဒိယရဲ့ ယခု လကမ္ဘာခရီးစဉ်ဟာ အစီအစဉ်အတိုင်း အောင်မြင်ခဲ့ပါက လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းနေရာကို လာမယ့် စက်တင်ဘာလ အစောပိုင်းမှာ လစူးစမ်းလေ့လာရေးယာဉ် ဆင်းသက်နိုင်မှာဖြစ်ပါတယ်။

(Photo: Reuters)

"အိန္ဒိယတွေအားလုံးက ဒီနေ့ အကြီးအကျယ် ဂုဏ်ယူကြပါတယ်" လို့ ဝန်ကြီးချုပ်မိုဒီက Twitter မှာ ပြောခဲ့ပါတယ်။ မိုဒီက ၂၀၂၂ ခုနှစ်မှာ အာကာသထဲသို့ လူလိုက်ပါတဲ့ အာကာသခရီးစဉ် စေလွှတ်သွားမယ်လို့ ကြွေးကြော်ထားကြောင်းလည်း သိရပါတယ်။

အိန္ဒိယရဲ့ လကမ္ဘာပတ်အာကာသယာဉ် ချန်ဒရာရန် - ၂ ဟာ ၂.၄ တန် အလေးချိန်ရှိပြီး လကို တစ်နှစ်ခန့် လှည့်ပတ်နေကာ လမျက်နှာပြင်ကို ဓာတ်ပုံရိုက်ယူခြင်း၊ ရေရှိ မရှိနဲ့ လေထုအခြေအနေကို စူးစမ်းလေ့လာရန် စီစဉ်ထားပါတယ်။ လကမ္ဘာပတ်အာကာသယာဉ်မှာ ပါရှိလာတဲ့ လဆင်းယာဉ် Vikram က လမျက်နှာပြင်ပေါ်မှာ သွားလာစူးစမ်းလေ့လာမယ့် Pragyan ယာဉ်ကို သယ်ဆောင်ပြီး လရဲ့တောင်ဝင်ရိုးစွန်းနေရာမှာ ချထားပေးသွားမှာဖြစ်ပါတယ်။

(Infographic: Reuters)

Vikram အမည်ဟာ A Sarabhai ဟာ အိန္ဒိယရဲ့ အာကာသအစီအစဉ်တွေကို ဦးဆောင်လမ်းပြခဲ့သူရဲ့ Vikram A Sarabhai ရဲ့အမည်ကို အစွဲပုမှည့်ခေါ်ထားခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်ဒေါ်လာ ၁၄၅ သန်း ကုန်ကျတဲ့ ယခု လကမ္ဘာခရီးစဉ်ဟာ လရဲ့တောင်ဝင်ရိုးစွန်းဘက်မှာ ပထမဆုံး ဆင်းသက်တဲ့ ခရီးစဉ်ဖြစ်လာရန် အိန္ဒိယက မျှော်လင့်ထားပါတယ်။

Source: Reuters, AFP, CNA

Share

Loading Next Article...
က္က