အမျိုးသမီးက မျက်နှာနဲ့လက်မှာ မီးလောင်ဒဏ်ရာတွေ ရခဲ့ပေမဲ့ အသက်မသေခဲ့ပါဘူး။

အိန္ဒိယမှာ အမျိုးသမီးတစ်ဦးက သူမကို မုဒိမ်းကျင့် မီးရှို့သူ အမျိုးသားအား သူမနဲ့အတူ မီးထဲကိုဆွဲသွင်းပြီး သတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၆ ရက်မှာ ပြောပါတယ်။

(Photo: AFP/Getty Images)

အမျိုးသမီးနဲ့ မုဒိမ်းကျင့်သူ နှစ်ဦးလုံးဟာ မီးလောင်ဒဏ်ရာတွေရခဲ့ပြီး မုဒိမ်းကျင့်သူ အမျိုးသားက ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ အမျိုးသမီးကတော့ မျက်နှာနဲ့လက်မှာ မီးလောင်ဒဏ်ရာတွေ ရခဲ့ပေမဲ့ အသက်မသေခဲ့ကြောင်း သိရပါတယ်။ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးဟာ အိန္ဒိယအရှေ့ပိုင်း ကိုလ်ကတ္တားမြို့မြောက်ပိုင်းရှိ သူမရဲ့အိမ်မှာရှိနေစဉ် တနင်္လာနေ့ (မတ်လ ၄ ရက်) က မုဒိမ်းကျင့် မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။



"မုဒိမ်းကျင့်တဲ့ အမျိုးသားက အမျိုးသမီးပေါ်ကို ရေနံဆီလောင်းပြီး မီးရှို့ခဲ့တာ" လို့ ရဲအရာရှိ Kanti Biswas က အမျိုးသမီးရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး ပြောခဲ့ပါတယ်။ အိမ်နီးနားချင်းတွေ မုဒိမ်းကျင့် မီးရှို့ခံရတဲ့ အမျိုးသမီးရဲ့ နေအိမ်မှ မီးခိုးထွက်လာတာကို သတိပြုမိပြီးနောက် အပြေးအလွှား သွားရောက်ခဲ့ကြတယ်လို့ Times of India သတင်းမှာ ဖော်ပြပါတယ်။

(လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကန့်ကွက်ဆန္ဒပြစဉ်) (Photo: Getty Images)

အိမ်နီးနားချင်းတွေ ရောက်ရှိလာစဉ် ၎င်းတို့နှစ်ဦးလုံးရဲ့ ခန္ဓာကိုယ်မှာ မီးစွဲလောင်ကျွမ်းနေပြီး နေအိမ်ခန်းအတွင်းမှာလည်း ရေနံဆီပုလင်းကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ထို့နောက် ၎င်းတို့နှစ်ဦးလုံးကို Malda Medical College ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း Times of India က ဖော်ပြပါတယ်။

အမျိုးသမီးကို ဆေးရုံမှာ ကုသပေးနေပြီး မုဒိမ်းကျင့် မီးရှို့ခဲ့သူ အမျိုးသားကတော့ မီးလောင်ဒဏ်ရာများဖြင့် အင်္ဂါနေ့ (မတ်လ ၅ ရက်) မနက်ပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ပြောပါတယ်။ မုဒိမ်းကျင့် မီးရှို့ခံရတဲ့ အမျိုးသမီးဟာ မုဆိုးမဖြစ်ပြီး သမီးသုံးဦးရှိတယ်လို့ Times of India က ဖော်ပြပါတယ်။ သမီးများ အပြင်သွားနေချိန်မှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားက မုဒိမ်းကျင့် မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။

(လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကန့်ကွက်ဆန္ဒပြစဉ်) (Photo: Getty Images)

ယမန်နှစ် ဒီဇင်ဘာလအတွင်း အသက် ၄၇ နှစ်အရွယ် ကလေးနှစ်ဦးမိခင်က သူမကို လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် စော်ကားခဲ့သူရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပစ်မှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က ဒေလီမြို့ ဘတ်စ်ကားတစ်စီးပေါ်မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ဖြစ်ပွားပြီနောက်ပိုင်း အိန္ဒိယမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အခြေအနေတွေကို ပိုမိုထင်ရှားစေခဲ့ပါတယ်။

လတ်တလော အိန္ဒိယအစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၆ ခုနှစ်အတွင်း တစ်ရက်လျှင် မုဒိမ်းမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ မုဒိမ်းကျင့်ခံရသူတွေဟာ အာဏာပိုင်တွေကို တိုင်ကြားခြင်းမပြုရန် ခြိမ်းခြောက်ခံရမှုတွေလည်း မကြာခဏ ရှိခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က