မတ်လ ၁၀ ရက်နေ့က အီသီယိုးပီးယား ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးခဲ့သူ ၁၅၇ ဦးအနက် မိသားစုတစ်ခုတည်းမှ ခြောက်ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။
(Pannagesh Bhaskar Vaidya နှင့် Hansini Pannagsh Vaidya) (Photo: Facebook/Pannagesh Vaidya)
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကိုပျံသန်းတဲ့ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်ဟာ အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့တော်ကနေ ပျံတက်သွားခဲ့ရာ ခြောက်မိနစ်မျှကြာပြီးနောက် Bishoftu မြို့ငယ်အပြင်ဘက်မှာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၄ မိနစ်ခန့်က ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။
အီသီယိုးပီးယားလေကြောင်းလိုင်း (Ethiopian Airlines) က ထုတ်ပြန်မှုအရ သေဆုံးခဲ့သူတွေဟာ နိုင်ငံ ၃၅ ခုမှ ဖြစ်ကြပြီး အရေအတွက် အများဆုံးအဖြစ် ကင်ညာနိုင်ငံသား ၃၂ ဦးနဲ့ ကနေဒါ ၁၈ ဦး ပါဝင်ခဲ့ပါတယ်။ ထိုသို့ သေဆုံးခဲ့သူတွေအနက် မိသားစုတစ်ခုတည်းမှ မိသားစုဝင်ခြောက်ဦးလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
(Kosha Vaidya မိသားစု) (Photo: Global News Canada)
ကနေဒါနိုင်ငံ Brampton မြို့မှာ နေထိုင်တဲ့ Manant Vaidya ဆိုသူ အမျိုးသားရဲ့ ဖခင် Pannagesh Bhaskar Vaidya (၇၃ နှစ်)၊ မိခင် Hansini Pannagsh Vaidya (၆၇ နှစ်)၊ ညီမ Kosha Vaidya (၃၇ နှစ်)၊ ညီမရဲ့ခင်ပွန်း Prerit Dixit (၄၅ နှစ်) နဲ့ ၎င်းတို့ရဲ့ ကလေးနှစ်ဦးဖြစ်တဲ့ Ashaka Dixit (၁၄ နှစ်) နဲ့ Anushka Dixit (၁၃ နှစ်) တို့လည်း လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ကြပါတယ်။
Kosha Vaidya တို့ မိသားစုဟာလည်း ကနေဒါနိုင်ငံမှာ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ Kosha က Canadian Hearing Society ရဲ့ HR ဌာနမှ အလုပ်လုပ်ကိုင်သူဖြစ်ပြီး သူမရဲ့ခင်ပွန်း Prerit ကတော့ ကနေဒါ ကျန်းမာရေးဝန်ကြီးမှာ ဓာတ်ခွဲခန်းအကူအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း Global News Canada က ဖော်ပြပါတယ်။
(Infographic: AFP)
၎င်းတို့ရဲ့ ကလေးနှစ်ဦးက Centennial Senior Public School နဲ့ Chinguacousy Secondary School တို့မှာ ပညာသင်ကြားနေကြတယ်လို့ အဆိုပါ သတင်းကပြောပါတယ်။ Manant က Global News Canada ကို ပြောကြားမှုအရ ၎င်းရဲ့ မိသားစုဟာ ဘဝရဲ့အမှတ်တရ ခရီးထွက်ခဲ့ကြတာလို့ ဆိုပါတယ်။ ညီမဖြစ်သူက သူမရဲ့ မွေးရပ်နေရာကို အလည်အပတ်သွားချင်ခဲ့ကြောင်းနဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့မိတ်ဆွေတွေထံ သွားရောက်တွေ့ဆုံချင်ခဲ့တယ်လို့ Manant က ပြောပါတယ်။
ကံဆိုးလွန်းရှာတဲ့ မိသားစုဝင်များ
Manant ရဲ့ မိဘနှစ်ဦးဟာ ကင်ညာကို ပြန်မရောက်ဖြစ်တာ ၃၅ နှစ်ကြာပြီဖြစ်ပြီး ယခု ခရီးစဉ်အတွင်း ကင်ညာရှိ သစ်တောဥယျာဉ်တစ်ခုကို အလည်အပတ်သွားရန်လည်း စီစဉ်ထားခဲ့ကြောင်း Global News Canada သတင်းအရ သိရပါတယ်။ Manant နဲ့ ဇနီးဖြစ်သူ Hiral တို့ထံ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေက လေယာဉ်ပျက်ကျမှုအကြောင်းကို ဖုန်းဆက်ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့လည်း ဒီသတင်းကို အတည်ပြုဖို့ လေဆိပ်ကိုသွားခဲ့ကြပါတယ်၊ သူတို့ဆီမှာ ကျွန်တော်တို့မိသားစုဝင်တွေရဲ့ အမည်စာရင်းတွေ့ခဲ့ရတယ်" လို့ Manant က ပြောပါတယ်။ Manant ရဲ့ အဆိုအရ ၎င်းရဲ့ယောက်ဖဟာ လေယာဉ်လက်မှတ် မဝယ်ယူမီ လေကြောင်းခရီးစဉ် မတော်တဆမှု ဖြစ်ပွားတဲ့အရေအတွက် အပါအဝင် လေယာဉ်နဲ့ပတ်သက်ပြီး လေ့လာမှုတွေလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
(မိသားစုဝင်ခြောက်ဦး ဆုံးရှုံးခဲ့ရသည့် Manant နဲ့ ဇနီး) (Photo: Tijana Martin/AP)
"သူ အိမ်စာလုပ်ခဲ့တာပဲ (လေ့လာခဲ့တာပဲ)၊ ခင်ဗျားတို့ သိတဲ့အတိုင်း သူ လိုက်ပါမယ့် လေယာဉ်က အသစ်စက်စက်ကြီးလေ၊ ဒီလေယာဉ် သက်တမ်းက လပိုင်းပဲရှိအုံးမယ်ဗျာ၊ ဒီဟာက Boeing လေယာဉ်အသစ်ပါ၊ အခုလို ဖြစ်သွားတာကတော့ တစ်ကယ့်ကို ကံဆိုးတာပါဗျာ" လို့ Manant က ဖွင့်ဟခဲ့ပါတယ်။
မတ်လ ၁၀ ရက်နေ့က ပျက်ကျခဲ့တဲ့ အီသီယိုးပီးယားလေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါသွားခဲ့ကြပြီး အားလုံးသေဆုံးခဲ့ပါတယ်။ ထိုလေကြောင်းခရီးစဉ် ၂ မိနစ်မျှ နောက်ကျသွားခဲ့တဲ့ ဂရိနိုင်ငံမှ အမျိုးသားတစ်ဦးကတော့
ကံကောင်းစွာဖြင့် လေယာဉ်ပျက်ကျမှုမှာ မပါဝင်ခဲ့ဘဲ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပါတယ်။
Boeing 737 MAX 8 လေယာဉ်တွေဟာ ၂၀၁၆ ခုနှစ်မှစပြီး လေကြောင်းလိုင်းခရီးစဉ်တွေမှာ စတင်ပျံသန်းခဲ့ပါတယ်။ အီသီးယိုးပီးယားလေကြောင်းလိုင်းမှာတော့ ယမန်နှစ် ဇူလိုင်လအတွင်းမှစပြီး အသုံးပြုခဲ့ကြောင်း သိရပါတယ်။ ယမန်နှစ် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း Lion Air လေကြောင်းလိုင်းမှ Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။
Boeing 737 MAX 8 လေယာဉ်အသုံးပြုမှု ရပ်ဆိုင်းထားမှုများ
(Boeing 737 MAX လေယာဉ်တစ်စီး) (Photo: Reuters)
ဒါ့အပြင် စင်ကာပူ၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မွန်ဂိုလီးယား၊ အမေရိကန်၊ ရုရှား၊ တူရကီ၊ အီတလီ၊ အိုက်စလန်၊ နော်ဝေ၊ ယူအေအီး၊ အိုမန်၊ သြစတြေးလျ၊ အာဂျင်တီးနာ၊ ဗြိတိန်နိုင်ငံတို့မှ လေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့တွေကလည်း Boeing 737 MAX 8 လေယာဉ်တွေအသုံးပြုမှုကို ဆိုင်းငံ့ထားရန်နဲ့ လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ကြရန် ညွန်ကြားထားကြောင်း သိရပါတယ်။
Source: AFP, CNA, Reuters, Global News Canada