မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ ယနေ့ညမှာ တွေ့ဆုံယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ ပါဝင်ကစားနိုင်ခြင်းမရှိတာက ယူနိုက်တက်တို့အတွက် အားလျော့စေတဲ့အချက်ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ရာသီအဖွင့်ပွဲစဉ်မှာ ချယ်ဆီးကို ၄-၀ နဲ့ အနိုင်ယူလိုက်နိုင်တာက ပရိသတ်တွေစိတ်ထဲမှာ ဆိုးရွားလွန်းတဲ့ ပြီးခဲ့တဲ့ရာသီကထက် ပိုမိုအောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ယုံစားမိစေခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်းဟာ ချယ်ဆီးနဲ့ ပွဲအပြီးမှာတော့ ပြီးခဲ့တဲ့ရာသီတုန်းကအတိုင်း ထူးမခြားနား ပြန်ဖြစ်လာခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ ဒန်နီရယ်ဂျိမ်းစ်၊ မက်ဂွိုင်းယားနဲ့ ဘစ်စ်ကာတို့က အသင်းအတွက် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ပြသနိုင်ပေမယ့် ယူနိုက်တက်ရဲ့ ဂိုးသွင်းလိုစိတ်ပြင်းထန်ခြင်းမရှိတဲ့ ပုံစံအမှန် ပြန်ပေါ်လာခဲ့တာပါ။
ယူနိုက်တက်ဟာ ကရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ ရော့ချ်ဒေးလ်လို ပထမတန်းအသင်းငယ်လေးကို ပင်နယ်တီအဆုံးအဖြတ်အထိ ကစားခဲ့ရပြီး ၁၆ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ မက်သီဆင်ကို အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းခွင့်ပြုခဲ့ရတာပါ။
ရော့ချ်ဒေးလ်နဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တယ်ဆိုပေမယ့်လည်း အာဆင်နယ်အသင်းနဲ့ တနင်္လာနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အတွက် စိတ်ဓာတ်ခွန်အားမျိုးမရခဲ့ဘဲ အဓိကတိုက်စစ်ကစားသမားတွေ ဒဏ်ရာပြဿနာကြောင့် အနားယူနေရချိန်မှာ ဆိုးလ်ရှားအတွက် အာဆင်နယ်အသင်းနဲ့ပွဲမှာ အနိုင် ၃ မှတ်ရယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စလို့တောင် သတ်မှတ်ရပါလိမ့်မယ်။
ဒါပေမယ့်လည်း ဖိအားတွေ ဝင်နေတဲ့ဆိုးလ်ရှားအတွက် အဓိကတိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့၊ မာရှယ်နဲ့ ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာတို့ မပါဘဲနဲ့ အာဆင်နယ်အသင်းဆီကနေ အရေးပါတဲ့ အနိုင် ၃ မှတ်ကို မဖြစ်မနေရယူဖို့လိုအပ်နေပြီး Metro က ဖော်ပြခဲ့တဲ့ အဓိကကစားသမား ၃ ဦးမပါဘဲ အာဆင်နယ်ကို အနိုင်ယူနိုင်ခြေရှိတဲ့ နည်းလမ်း ၃ သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။
ဂရင်းဝုဒ်ကို ရက်ရှ်ဖို့ဒ် ခြေရာနင်းစေခြင်း
မန်ချက်စတာယူနိုက်တက်အသင်းက နောက်ဆုံးပြိုင်ပွဲစုံ ၃ ပွဲမှာ ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး အဲဒီသွင်းဂိုး ၂ ဂိုးစလုံးက မေဆင်ဂရင်းဝုဒ်က သွင်းယူပေးခဲ့တာပါ။ ဂရင်းဝုဒ်ဟာ အက်စ်တာနာ၊ ရော့ချ်ဒေးလ်တို့နဲ့ပွဲစဉ်မှာ ပင်နယ်တီဧရိယာထဲကို ထိုးဖောက်ပြီး ဂိုးကန်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြဆိုးလ်ရှားကလည်း ဂရင်းဝုဒ်ရဲ့အလားအလာနဲ့ပတ်သက်ပြီး မကြာခဏပြောလေ့ရှိသူဖြစ်ပါတယ်။
အင်္ဂါနေ့မှာ အသက် ၁၈ နှစ်ပြည့်မြောက်တော့မယ့် ဂရင်းဝုဒ်ကို ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်စေပြီး ယုံကြည်မှုပြသနိုင်မယ်ဆိုရင် ထူးခြားဆန်းကြယ်တဲ့တစ်စုံတရာကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ စီနီယာဘောလုံးလောကကို တက်ရောက်နိုင်တဲ့အချိန်ကတည်းက ခြေစွမ်းမတည်မငြိမ်ဖြစ်တဲ့ပုံ မဖြစ်ခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အာဆင်နယ်နဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ပေးချိန်တုန်းက ရက်ရှ်ဖို့ဒ်က ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တကယ်လို့ ယနေ့ည အာဆင်နယ်နဲ့ပွဲစဉ်မှာ ဂရင်းဝုဒ်အနေနဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ခြေရာကို လိုက်နင်းဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ မျှော်လင့်ရပါတယ်။
၂။ လင်ဂတ်ကို နေရာအသစ်မှာ ကစားစေခြင်း
ဂျက်ဆီလင်ဂတ်ဟာ ၂၀၁၉ ခုနှစ်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ၂၃ ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးရှေ့ရောက်ရင် ဘာလုပ်ရမှန်းမသိတဲ့ လင်ဂတ်ကို ကျောနံပါတ် ၉ နေရာမှာ ကစားစေမယ်ဆိုရင် အားလုံး သဘောတူလိမ့်မယ်လို့ မထင်ပါဘူး။ ဂျက်ဆီလင်ဂတ် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ ၈ လအထိ ကြာမြင့်နေခဲ့ပြီဖြစ်ပေမယ့် နောက်ဆုံးဂိုးသွင်းယူခဲ့တဲ့ အသင်းက အာဆင်နယ်အသင်းဖြစ်နေတာက ထည့်သွင်းစဉ်းစားသင့်တဲ့အချက်ပါ။ ဂျက်ဆီလင်ဂတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်ပရိသတ်တွေကို ဒေါသအိုးပေါက်ကွဲစေမယ့် Moonwalk အကကို အမ်းမရိတ်ကွင်းမှာ ကပြအောင်ပွဲခံခဲ့တာပါ။ လင်ဂတ်ဟာ ဘယ်တုန်းကမှ ခြေစွမ်းတည်ငြိမ်တဲ့ ဂိုးသွင်းသူမဟုတ်ဘဲ ယူနိုက်တက်အတွက် ၁၁၆ ပွဲမှာ ၁၇ ဂိုးသာသွင်းယူနိုင်ခဲ့သူဖြစ်ပေမယ့် အာဆင်နယ်နဲ့ပွဲမှာတော့ သာမန်ပွဲစဉ်တွေထက် ပိုမိုအားထုတ်ကစားသွားဖွယ်ရှိသူပါ။ အဲဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ လင်ဂတ်ဟာ ပရီးမီးယားလိဂ်မှာရှိတဲ့ အသင်းအားလုံးထက် အာဆင်နယ်ကို ဂိုးပိုသွင်းယူထားနိုင်တဲ့သူဖြစ်ပြီး ၅ ပွဲကစားခဲ့ရာမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေကတော့ ပြီးခဲ့တဲ့ရာသီတွေတုန်းက မြင်တွေ့ခဲ့ရတဲ့ လင်ဂတ်ရဲ့ ‘Milly Rock’နဲ့ Moonwalk အောင်ပွဲခံဟန်တွေကို ထပ်မြင်ချင်မှာမဟုတ်တာ သေချာပါတယ်။
၃။ အာဆင်နယ်ရဲ့ ပွဲဗျူဟာကို အတုလိုက်ခိုးခြင်း
ပေါ့ဂ်ဘာမပါတဲ့ ယူနိုက်တက်ကို အူနိုင်းအမ်မရီက စပါးနဲ့ပွဲစဉ် ဒုတိယပိုင်းနဲ့ အန်းဖီး၊ ဝက်ဖို့ဒ်တို့နဲ့ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ စိန်တုံးနည်းစနစ်ကို အသုံးပြုပြီး ယူနိုက်တက်ရဲ့ ကွင်းလယ်ကို စိုးမိုးဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်ပါတယ်။ အမ်မရီရဲ့ စိန်တုံးနည်းစနစ်ဟာ ခံစစ်ကို တင်းတင်းကြပ်ကြပ်ကစားမယ့် ယူနိုက်တက်ကို တန်ပြန်တိုက်စစ် ကောင်းကောင်းဆင်နိုင်အောင်လည်း ပြင်ဆင်ထားတဲ့နည်းစနစ်ဖြစ်ပါတယ်။ စိန်တုံးရဲ့ထိပ်ဖူးအဖြစ် နီကိုးလတ်စ်ပီပီနဲ့ အော်ဘာမီယန်းတို့က လျင်မြန်မှုနဲ့ ယူနိုက်တက်ရဲ့ ခံစစ်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းသွားမှာပါ။ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အမ်မရီ ခေါ်ယူခဲ့တဲ့ ပီပီဟာ အထောင်တိုက်စစ်မှူးအဖြစ် အချိန်များစွာကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ရာသီလုံး လိုင်လီအသင်းမှာ ညာတောင်ပံနေရာမှာ ကစားခဲ့သူဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့တိုက်စစ်ဟာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်မပါဝင်တဲ့အတွက် အာဆင်နယ်ရဲ့တိုက်စစ်လောက် အားကောင်းနိုင်မှာမဟုတ်ပေမယ့် ဆိုးလ်ရှားအနေနဲ့ နဂိုမူလတိုက်စစ်မှူးတစ်ဦးနဲ့အတူ ပြေးအားကောင်းတဲ့တောင်ပံကစားသမားကို တွဲဖက်နေရာယူစေပြီး အာဆင်နယ်ရဲ့ ကစားကွက်ကို အတုခိုးဖို့ ရွေးချယ်သင့်ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်အဖွင့် ၆ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားသူဖြစ်ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၄ ကြိမ်အထိ ပြုလုပ်ထားသူဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ၁၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီး ဒန်နီရယ်ဂျိမ်းစ်ထက် ဂိုးပေါက်ခြိမ်းခြောက်မှုပိုလုပ်ထားနိုင်တဲ့ကစားသမား ယူနိုက်တက်တသင်းလုံးမှာ ရက်ရှ်ဖို့ဒ်တစ်ဦးတည်းသာ ရှိပါတယ်။ ဒန်နီရယ်ဂျိမ်းစ်နဲ့ မေဆင်ဂရင်းဝုဒ်အတွဲဟာ လျင်မြန်မှုနဲ့ ရွေ့လျားမှုကို ပေါင်းစပ်လိုက်တာဖြစ်ပြီး ပွဲစဉ်အတွင်းကို မခန့်မှန်းနိုင်တဲ့အရာတွေ သယ်ဆောင်လာနိုင်လိမ့်မယ်လို့ မပြောနိုင်ပေမယ့် မတည်မငြိမ်ဖြစ်နေတဲ့ အာဆင်နယ်ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဒေးဗစ်လုဇ်နဲ့ ဆိုခရေးတစ်တို့ကို ဒုက္ခကောင်းကောင်းပေးနိုင်မှာသေချာပါတယ်။