• Featured

    အီကွေဒေါအကျဥ်းထောင်တွင်း တိုက်ခိုက်မှု သေဆုံးသူ ၁၀၀ ကျော်ပြီဖြစ်

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အကျဥ်းထောင်ဟာ အီကွေဒေါမှာ အန္တရာယ်အရှိဆုံး အကျဥ်းထောင်တွေအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်

အီကွေဒေါနိုင်ငံ အကျဥ်းထောင်တစ်ခုမှာ ပြိုင်ဘက်ဂိုဏ်းများကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁၆ ဦးထက်မနည်းရှိခဲ့ပြီး နိုင်ငံသမိုင်းတလျှောက် အဆိုးရွားဆုံး အကျဥ်းထောင်အကြမ်းဖက်မှု ဖြစ်လာခဲ့ပါတယ်။

Guayaquil မြို့ရှိ အကျဥ်းထောင်မှာ အင်္ဂါနေ့ (စက်တင်ဘာ ၂၈ ရက်) မှစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး အကျဥ်းသားငါးဦး ခေါင်းဖြတ်ခံထားရပြီး အခြား အကျဥ်းသားတွေကတော့ ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း အကျဥ်းသား ၈၀ ကျော် ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားတဲ့ အဆောင်မှာ ပိတ်မိနေခဲ့သူ ထမင်းချက် ခြောက်ဦးကိုတော့ ရဲတပ်ဖွဲ့က ခေါ်ထုတ်နိုင်ခဲ့ပါတယ်။

image

(Photo: EPA)

အကျဥ်းသားတွေက လက်ပစ်ဗုံးတွေလည်း ပစ်ခဲ့ကြတယ်လို့ ရဲအရာရှိ Fausto Buenaño က ပြောပါတယ်။ ကမ္ဘာတစ်ဝန်း မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ အဆိုပါ အကျဥ်းထောင်ရဲ့ အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် ရဲအင်အား ၄၀၀ အသုံးပြုခဲ့ရပါတယ်။ ဒေသခံသတင်းတွေမှာ ဖော်ပြမှုအရ အကျဥ်းထောင်တွင်း အုံကြွတိုက်ခိုက်မှုကို အီကွေဒေါနိုင်ငံမှာ အခြေစိုက်လုပ်ကိုင်နေတဲ့ မက္ကစီကို မူးယစ်ဆေးဝါးဂိုဏ်းက စီစဥ်ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အကျဥ်းထောင်တွင်း အခြေအနေဟာ ကြောက်မက်ဖွယ်ရာ ဆိုးဝါးခဲ့တယ်လို့ အီကွေဒေါအကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူး Bolivar Garzon ဒေသခံ ရေဒီယိုသတင်းဌာနကို ပြောပါတယ်။ "မနေ့က မနက် ၂ နာရီလောက်မှာ ရဲတပ်ဖွဲ့က အကျဥ်းထောင်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ မနေ့ညတုန်းက တခြား ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ထပ်ဖြစ်ခဲ့သေးပြီး ဒီနေ့မနက်မှာတော့ အပြည့်အဝ ထိန်းချုပ်နိုင်ပါပြီ၊ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အကျဥ်းထောင်တွင်းနေရာကို ဝင်ရောက်သွားခဲ့ပြီး အဲဒီမှာ နောက်ထပ် အလောင်းတွေ ထပ်တွေ့ရပါတယ်" လို့ ၎င်းက ယနေ့ (စက်တင်ဘာ ၃၀ ရက်) ပြောပါတယ်။

(Photo: Angel DeJesus/AP)

ယခုဖြစ်ရပ်ဟာ အကျဥ်းထောင်တွေကို ထိန်းချုပ်နိုင်ရန် ပြိုင်ဘက်ဂိုဏ်းများကြား ဆက်တိုက်ဖြစ်ပွားနေတဲ့ အသေအကျေ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းကလည်း အကျဥ်းထောင်တွင်း ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အကျဥ်းသား ၇၉ ဦး သေဆုံးခဲ့ပါတယ်။

ယခုနောက်ဆုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ Litoral Penitentiary အကျဥ်းထောင်ဟာ အီကွေဒေါမှာ အန္တရာယ်အရှိဆုံး အကျဥ်းထောင်တွေအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ အကျဥ်းထောင်တွင်း အဆောင်တစ်ခုမှ အကျဥ်းသားတွေက အပေါက်တစ်ခုက အခြား အဆောင်ကို ကူးသွားခဲ့ပြီး ထိုနေရာမှာ ပြိုင်ဘက်ဂိုဏ်းဝင်တွေကို တိုက်ခိုက်ခဲ့ကြကြောင်း ရဲအရာရှိ Fausto Buenaño ပြောပါတယ်။

(Photo: Fernando Mendez/AFP/Getty Images)

တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ Litoral Penitentiary အကျဥ်းထောင်ထဲမှာ မက္ကစီကိုအခြေစိုက် အင်အားကြီး မူးယစ်ဆေးဝါးဂိုဏ်း Sinaloa နဲ့ ဆက်နွယ်နေတဲ့ အီကွေဒေါဂိုဏ်း Los Choneros မှ အကျဥ်းသားတွေကို ချုပ်နှောင်ထားရှိပါတယ်။ မက္ကစီကိုမှ နောက်ထပ် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်တဲ့ Jalisco New Generation cartel (CJNG) ကလည်း အီကွေဒေါဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းနေခဲ့ပြီး အီကွေဒေါမှတစ်ဆင့် ဗဟိုအမေရိကသို့ မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းကို ပြိုင်ဘက် Sinaloa ဂိုဏ်းထံကနေ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေခဲ့ပါတယ်။

Litoral Penitentiary အကျဥ်းထောင်တွင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အီကွေဒါသမ္မတ Guillermo Lasso နိုင်ငံရဲ့ အကျဥ်းထောင်စနစ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရပါတယ်။ အီကွေဒေါအကျဥ်းထောင်တွေမှာ လက်ခံနိုင်တဲ့ အကျဥ်းသားဦးရေထက် ၃၀ ရာခိုင်နှုန်း ပိုများနေနေကြောင်း သမ္မတက ဇူလိုင်လအတွင်း ပြောခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က